ပျဉ်းမနား အ.ထ.က(၃) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကား သံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနား အ.ထ.က(၃) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကား သံများ




ပျဉ်းမနား  ၊ ဩဂုတ် ၈


ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ အခမ်းအနားကို ဩဂုတ်လ (၆) ရက်နေ့က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား)၌ ကျင်းပခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ ဖော်ပြလိုက်ရပါသည်။


ဒေါ်ညိုညိုစန်း (အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီး)


နေပြည်တော်ကောင်စီရဲ့ဦးဆောင်မှုနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို လာရောက်ကျင်းပပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့လည်း ကာယ၊ ဉာဏ၊ စာရိတ္တ ပိုင်းဆိုင်ရာတွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ယခုလိုပွဲတွေ လုပ်ပေးခြင်းအားဖြင့် ကလေးတွေအတွက် စာဖတ်တဲ့ အလေ့အထကောင်းတွေ၊ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို သိရရှိပြီး ပညာရေးမှာလည်း ထူးချွန်ထက်မြတ်တဲ့ နိုင်ငံ့သားကောင်း ရတနာလေးတွေ ဖြစ်လာမှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွေကို လာရောက်ကျင်းပပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်ရှင်။ စာပေဖတ်ရှုမှ အသိအမြင်တွေ ကြွယ်ဝမှာဖြစ်တဲ့အတွက် ရည်ရွယ်ချက်ကောင်းတဲ့ပွဲတော်၊ တစ်နည်းအားဖြင့် လူတစ်ဦးချင်းသာမက ဒေသနဲ့နိုင်ငံတော်အတွက်ပါ အကျိုးရှိတဲ့ပွဲတော်လို့ မြင်ပါတယ်။


ဦးစောမျိုးအောင်(IP မျိုးအောင်- စာရေးဆရာ) ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ယခုအချိန်ဟာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ပြည်ထောင်စုနယ်မြေမှ စတင်ပြီး ဆောင်ရွက်မယ်လို့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုခဲ့ပါတယ်။ ဒါကြောင့်မို့ နေပြည်တော်ကောင်စီရဲ့ ကြီးကြပ်ပံ့ပိုးမှုနဲ့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဌာနပူးပေါင်းပြီးတော့ ပြည်ထောင်စုနယ်မြေ အတွင်းမှာဆိုရင် ပထမဆုံးအကြိမ်အနေနဲ့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ အ.ထ.က(အေလာ)မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့က တတိယအကြိမ် ဖြစ်ပါတယ်။ ဒီသုံးကြိမ်လုံးမှာလည်း နေပြည်တော်စာပေဝိုင်းက စာရေးဆရာတွေက ကြီးကြပ်ဒိုင်အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို နိုင်ငံတစ်ဝန်း ကျင်းပလျက်ရှိပြီး ဆက်လက်ကျင်းပ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နေပြည်တော်အတွင်း ဆက်လက်ကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေမှာလည်း နေပြည်တော်စာပေဝိုင်းက စာရေးဆရာတွေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။


မောင်အောင်ခန့်ကျော်(Grade-11 အ.ထ.က(၃))


ကျွန်တော်တို့ကျောင်းမှာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပေးတဲ့အတွက် ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေလဲ အသိပညာဗဟုသုတတွေ ရရှိပါတယ်။ ယခုကျင်းပတဲ့ ပွဲတော်မှာ ပြိုင်ပွဲများလည်း အများကြီးပါရှိတယ်။ ကျွန်တော်ကတော့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ ဒီလို ပွဲတော်တွေဟာ အသိပညာ ဗဟုသုတ များစွာရရှိတဲ့အတွက် နောက်နှစ်တွေမှာလည်း ယခုလိုမျိုး ကျင်းပဆောင်ရွက်ပေးစေလိုပါတယ်ခင်ဗျာ။


မသဇင်ဇော်(Grade-11 အ.ထ.က(၃))


သမီးကတော့ ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒုတိယဆု ရရှိခဲ့ပါတယ်။ အခုလိုပွဲမျိုး ပြုလုပ်ပေးခြင်းဟာ သမီးတို့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေအတွက် အထူးသင့်လျော်တဲ့ပွဲလို့ ထင်မြင်ယူဆမိပါတယ်။  အခုလိုပွဲတော် လုပ်‌ပေးတာအရမ်းကောင်းပါတယ်ရှင် စာပေတွေကိုဖတ်ရှုဖို့ အခွင့်အလမ်းတွေ အများကြီးပေးစွမ်းတယ်။ ပြီးတော့ သမီးတို့ရဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ပြသခွင့်ရတယ်။ ဒါကြောင့်မို့လို့ ဒီလိုပွဲတွေ ပြုလုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။


မသိမ့်ရတနာတိုး (Grade-4 အ.ထ.က(၃))


“သမီးအနေနဲ့ ဒီပွဲတော်မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ပြပွဲ၊ ပြိုင်ပွဲလုပ်‌နေတာ‌အားလုံးကို လိုက်ကြည့်ဖြစ်ပါတယ်။ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲနဲ့ စာအုပ်ခင်းကျင်းမှုပြခန်းကို စိတ်အဝင်စားဆုံးဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပြိုင်ပွဲဝင်တာကိုလည်း အားပေးခဲ့ပါတယ်။


အဆိုပါပွဲတော်တွင် စာပေဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ခင်းကျင်းပြခန်း၊ နံရံကပ်စာစောင်ပြခန်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများအပြင် စာအုပ်ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေအစီအစဉ်များကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။ 


ယဉ်ကျေးကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)