နိုင်ငံတော်အတွက် လက်ငင်းဦးစားပေး ဆောင်ရွက်နေသည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အတွက် လက်ငင်းဦးစားပေး ဆောင်ရွက်နေသည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ သြဂုတ် ၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်ငင်းဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက် အဆင့် (၁) နှင့် (၂) တို့ဖြင့် အခက်အခဲအမျိုးမျိုးကြားက တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်ကာလများအတွင်း လျာထားချက်များကို ရာနှုန်းပြည့်နီးပါးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုပန်းခင်းအဆင့် (၃) အဖြစ် ယာယီရွှေ့ပြောင်းနေထိုင်သူများနှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက်  ၁၈ နှစ်ပြည့်လာမည့်သူ စုစုပေါင်း (၂ ဒသမ ၁) သန်းကျော်တို့အတွက် နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်ရာတွင်လည်း နိုင်ငံသားကတ်ပြား ထုတ်ပေးသူများကို e-ID စနစ်အတွက် Biographic / Biometric ကို တစ်ပါတည်း စိစစ်ကောက်ယူကာ ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်များ ထုတ်ပေး ရေးဆောင်ရွက်ပေးသကဲ့သို့ ယခင်နိုင်ငံသားကတ်ပြားရှိပြီးသူများကိုလည်း ၎င်းတို့၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် e-ID Dtaabase ရှိ စာရင်းများကိုအခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုရန် အသက် ၁၈ နှစ်နှင့်အထက် မဲစာရင်းများပြုစုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုတင်ပြပြီး ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တတိယအကြိမ် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၈ နှစ်ပြည့်လာမည့် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို တွက်ချက်အတည်ပြု၍ သတ်မှတ်ကာလများအတိုင်း တင်ပြနိုင်ရေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

သန်းခေါင်စာရင်း ကောက်ယူရာတွင် လက်ရှိအခြေအနေအရ လုံခြုံရေးနှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများအတွက် စာရင်းကောက်ယူမည့်ကာလ တိုးမြှင့်ကောက်ယူနိုင်ရေးအတွက်လည်း ကြိုတင်မျှော်တွေးဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်မည့် အစီအမံအဆင့်ဆင့်ကို ကြိုတင်တင်ပြကြရန်လည်းလိုကြောင်း။

 မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ကိစ္စရပ်များဆောင်ရွက်ရာတွင် နိုင်ငံသားအရည်အချင်းမရှိသူများမပါရှိစေရေး၊ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးရှိသည့် နိုင်ငံသားများကိုသာဆင့်ခေါ်ရေး၊ နေရပ်လိပ်စာ မှန်ကန်စေရေးတို့အတွက် ဆက်စပ်ဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လက်ငင်းဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဝန်ထမ်းအားလုံး သိရှိနားလည်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်ရှိအခြေအနေတွင် ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးတို့အတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းအပေါ် ဌာနမှဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးများက လိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ကြရေးနှင့် နယ်မြေဒေသအခြေအနေနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် ရေး၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)