နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်





နေပြည်တော်  ၊ ဩဂုတ် ၂


ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများအနေဖြင့် မိုးလေဝသဖြစ်စဉ်များကို မပျက်လေ့လာပြီး မိမိတို့ဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ လုပ်ငန်းများကို ဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အချိတ်အဆက်မိမိဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အစီအမံများချမှတ်ပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ခရိုင်/မြို့နယ်များအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ဇာတ်တိုက်လေ့ကျင်ထားရှိရေး၊ ယာဉ်၊ စက်ယန္တရာများနှင့် ရှာဖွေကူညီကယ်ဆယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့်ပစ္စည်းများ ကြိုတင်အသင့်ပြင်ဆင်ထားရှိရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုနည်းအောင် စနစ်တကျစုဖွဲ့ပြီး ကာကွယ်ကူညီပေးခြင်း၊ စီမံခန့်ခွဲမှုကိစ္စရပ်များကို  သက်ဆိုင်ရာဌာနအားလုံးက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် နည်းလမ်းမှန်မှန်ဖြင့် အကောင်းဆုံးကူညီဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် သီးနှံများ ရေကြီးနစ်မြုပ်မှုနှင့်ပတ်သက်၍ ရေပြန်ကျသည့်အခါ ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ ပြန်လည်ကုစားပေးရန် နည်းလမ်းများနှင့် အစီအမံများ ကြိုတင်ရေးဆွဲထားကြရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဇာတ်တိုက်လေ့ကျင်ဆောင်ရွက်မှုများ၊ ကူညီကယ်ဆယ်ရးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်  သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားသည်။


ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဇူလိုင် ၂၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမျှောင် ကျေးရွာအဝင်တံတား အရှည် ၂၈ ပေ၊ အကျယ် ၁၇ ပေရှိ ပျဉ်းခင်း၊ ပျဉ်ကာ၊ ကွန်ကရစ်တိုင်တံတားမှာ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့မှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပျက်စီးမှုအခြေအနေများနှင့် ပြုပြင်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် ယာယီဘေလီတံတာကို အမြန်တည်ဆောက်ပေးပြီး လက်ရှိပျက်စီးခဲ့သည့် တံတားအား အမြန်ပြန်လည်တည်ဆောက်နိုင်ရေး တာဝန်ရှိသူများအားမှာကြားပြီး ဂုဏ်မင်းမျှောင် ကျေးရွာအနီးတောင်သူများ စိုက်ပျိုးထားသည့် စပါးခင်းများနှင့် ဆီးထွက်သီးနှံ နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဆင်အုံရေလှောင်ကန်၏ အရှေ့ဘက်ခြမ်း၌ ရေတားအဖြစ်တည်ရှိသည့် သဘာဝကုန်း တန်းရေကျော်နေမှုအား ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)