တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး





ပဲခူး၊ ဩဂုတ် ၂    

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက ဗုဒ္ဓအသံဓမ္မဗိမာန်ရှိ သဘာဝဘေးကွပ်ကဲမှုရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးမြို့အောက်ဘက်ရှိ ကျေးရွာများတွင် ရေဝင်ရောက်သဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် လမ်း/တံတားများ၏ ကြံ့ခိုင်မှုကို စစ်ဆေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ တစ်ပါတည်းပြင်ဆင်သွားရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း လျှပ်စစ်မီးအန္တရာယ်နှင့် ဝမ်းရောဂါဖြစ်ပွားမှုမရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် ရေဝပ်နေသည့်နေရာများတွင် ရေစုပ်စက်များဖြင့်စုပ်ထုတ်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးမြို့နယ်တပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဝင်များက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုနှင့် ရေထွက်ပေါက်များ အခြေအနေတို့အား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက်လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံး၊ မိုးကောင်းတံခါးပေါက်ရှိ ကျုံးကူးတံတားဘေး၌ ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားကြီးများဖြင့် အမှိုက်နှင့်ဗေဒါပင်များ ဖယ်ရှားရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ကျုံးနှင့်ဆက်စပ်နေသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ရေထွက်ပေါက်အား ပြန်လည်အဆင့်မြှင့်တင်ပေးရန်နှင့် ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေများပြန်လည်ကျဆင်းသွားသည့် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ စုပေါင်း၍သန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေးပြုလုပ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့မဈေးအတွင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်းမရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ်ကူးတံတားမှ ပဲခူးမြစ်ရေစီးဆင်းနေမှုအခြေအနေများ၊ ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့်နေရာများနှင့် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းပေါ်ရှိ ရေကျော်ခဲ့သည့်ကားလမ်းနှင့် တံတားရေထွက်ပေါက်များမှရေစီးထွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)