ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများလှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများလှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုအားပေး


နေပြည်တော်၊ ဩဂုတ် ၄

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ၂-၈-၂၀၂၄ ရက်နေ့က နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာတို့မှ ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် ကြော်လှော်၊ ပြင်ဆင်ထုပ်ပိုးနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က လိုက်လံကြည့်ရှုအားပေးကြသည်။

နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာတို့မှ ဝန်ထမ်းမိသားစုများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှူးရှဲလက်ဖက်၊ အကြော်စုံ၊ ချဉ်ပေါင်ကြော်၊ သရက်သီးစိမ်းငါးပိချက်၊ ဂွေးသီးအညာချက်၊ မြေပဲဆန်ကြော်၊ မားမားခေါက်ဆွဲခြောက်၊ ငံပြာရည်ကြော်ဘူး၊ ပဲကြီးကြော်၊ ငါးပိကြော်၊ လက်ဖက်ထောင်း၊ ငါးနီတူခြောက်ကြော်၊ အာလူးကြော်၊ ဆီတို့ဟူးကြော်၊ ငါးခြောက်ထုပ်၊ ငါးပိထောင်း၊ ဗရာလုံးကြော်၊ ပဲလှော်ငါးခြောက်ကြော်၊ ကော်ဖီမစ်၊ တီးမစ် စသည့်ပစ္စည်းစုစုပေါင်း ၂၀ ကို လှူဒါန်းနိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့်အတူ “ရှေ့တန်းရောက် တပ်မတော်သားအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ “တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ။ တပ်မတော်သားများရဲ့အောင်မြင်မှု၊ ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကို ချစ်တဲ့ပြည်သူတွေ အများကြီးရှိနေပါတယ်။ တပ်မတော်သားများရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ကြကြောင်း သိရသည်။

ယမန်နေ့က နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနဆိုင်ရာတို့မှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၁၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ သွားရောက်ပေးအပ်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)