မိုင်းဆတ်မြို့၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ တက်ရောက်



မိုင်းဆတ် ၊  ဩဂုတ် ၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အ.ထ.က(ခွဲ၊လ-၂)ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် အ.ထ.က(ခွဲ၊လ-၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် အ.ထ.က(ခွဲ၊ လ-၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် တေးသရုပ်ဖော် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးလှုပ်ရှားမှုများကို ရည်မှန်းချက်ချမှတ်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတိုင်းမှာ ပညာရေးအဆင့်မြင့်မားစေရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း အသိပညာမြင့်မားမှသာ နိုင်ငံနှင့်လူမှုဘဝတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံနှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံအတွင်း ပညာတတ်များ ပေါများလာစေရေးကို ရေရှည်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပြည်သူများ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများတိုးပွားလာစေရန်အတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်နှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ အ.ထ.က(ခွဲ၊လ-၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုးက လက်ခံရယူခဲ့သည်။


ယင်းနောက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီး အ.ထ.က (ခွဲ၊ လ-၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာပြည်မှာ စာပဒေသာဝေဆာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူတို့က စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးကာ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ အ.ထ.က(ခွဲ၊လ-၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြင့်မောင်(မိုင်းဆတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)