နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ - ၂၀၂၄ (တက္ကသိုလ်အဆင့်) ဆုပေးပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ - ၂၀၂၄ (တက္ကသိုလ်အဆင့်) ဆုပေးပွဲသို့ တက်ရောက်


နေပြည်တော်၊ ဩဂုတ် ၂၅

Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ် အဆင့်)ဆုပေးပွဲကို ယမန်နေ့က နေပြည်တော်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားဖွင့်လှစ်ပေးသည်။

ယင်းနောက် ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ-၂၀၂၄(တက္ကသိုလ်အဆင့်)တွင် ဆုရရှိသောဗီဒီယိုဖိုင်များကို ပြသသည်။

ထို့နောက် ပထမဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မမြတ်ရွှေစင်မှူး၊ ဒုတိယဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မောင်ပြည်ငြိမ်းအောင်၊ တတိယဆုရရှိသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ မောင်မြတ်မင်းခန့်၊ နှစ်သိမ့်ဆုရရှိသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ မောင်ကောင်းခန့်တင်ကျော်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုး ရေးဒီဂရီကောလိပ်(စစ်ကိုင်း)မှ မောင်စောဇင်လင်းထက်နှင့် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ယခု ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဗီဒီယိုဖိုင်ကို Cyber Security Brunei က တာဝန်ယူဆောင်ရွက်သော ASEAN-JAPAN Cyber Security Awareness Video Competition 2024 တွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြပြီး Myan-mar Cyber Security Challenge ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။

Myanmar Cyber Security Challenge ပြိုင်ပွဲသို့ တပ်မတော်နည်းပညာတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ အသင်း ၂၅ သင်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ U_SH3LL အသင်းက ပထမ၊ mm_cyb3r_s4g3 အသင်းက ဒုတိယနှင့် Cryptoknights အသင်းက တတိယရရှိခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ အကန့်အသတ်ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်း မရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် (၈) ကြိမ်မြောက် ကျင်းပနိုင်ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲမှ အနိုင်ရထူးချွန်သူများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် ကျင်းပပြုလုပ်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)