မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် Technical Team များဖွဲ့စည်းပြီး Pilot Project များ စတင်ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် Technical Team များဖွဲ့စည်းပြီး Pilot Project များ စတင်ဆောင်ရွက်နေ


နေပြည်တော်၊ သြဂုတ် ၈

အမျိုးသားမြေအသုံးချမှုကောင်စီ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားမြေအသုံးချမှုကောင်စီရှိ အထောက်အကူပြုလုပ်ငန်းကော်မတီများမှဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားမြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြေအရင်းအမြစ်များသည် လူသားများအတွက် စားရေရိက္ခာ၊ သန့်ရှင်းသည့် ရေနှင့်ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် အခြားဂေဟစနစ် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေသည့် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်ဖြစ်သကဲ့သို့ တိုးပွားအောင် လုပ်၍မရသော အကန့်အသတ်ရှိသည့် အရင်းအမြစ်လည်းဖြစ်သည့်အတွက် မြေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်၏မြေအရင်းအမြစ်များကို စဉ်ဆက်မပြတ်စီမံခန့်ခွဲအသုံးချနိုင်ရန် မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများညီညွတ်မျှတရေးနှင့် အမျိုးသားမြေဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက်လိုအပ်သော လမ်းညွှန်မှုတစ်ခုဖြစ်သည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အများပြည်သူများ ပူးပေါင်းပါဝင်ရေးဆွဲပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း။

အဆိုပါ အမျိုးသားမြေအသုံးချမှု မူဝါဒအပိုဒ်-၉၊ အပိုဒ်ခွဲ (က) တွင် လမ်းညွှန်ဖော်ပြထားသည့်အတိုင်း အမျိုး သားမြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သောဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လက်ရှိမြေစီမံခန့်ခွဲလျက်ရှိသော ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများပါဝင်သည့် အမျိုးသားမြေအသုံးချမှုကောင်စီကိုဖွဲ့စည်းခဲ့ပြီး မြေစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အဖွဲ့ဝင်များအကြား ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရန်အတွက် ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပခဲ့သည်မှာ ၆ ကြိမ်တိုင် ခဲ့ပြီဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအစိုးရက စီမံခန့်ခွဲလျက်ရှိသော မြေများအတွင်း တရားမဝင်ကျူးကျော်ခြင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် ဥပဒေပြဋ္ဌာန်းမှုများ ချိတ်ဆက်မှုအားနည်းခြင်း၊ ဥပဒေတစ်ခုနှင့် တစ်ခုသဟဇာတမဖြစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှုအားနည်းခြင်း၊ မြေအရင်း အမြစ်အချက်အလက်များနှင့် မြေပုံများတိကျမှန်ကန်မှုမရှိခြင်း၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရန်ခက်ခဲခြင်း၊ ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ခြင်း စသည့်စိန်ခေါ်မှုများကို တွေ့ကြုံနေရကြောင်း၊ ထိုကဲ့သို့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ပြည်သူ့အကျိုးပြုနိုင်မည့် လက်တွေ့ကျသည့်မူဝါဒ၊ တရားမျှတသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုပုံစံများ ဖြစ်လာစေရန်အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသော လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်စေမည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးသည် အရေးကြီးဆုံးတာဝန်တစ်ရပ် ဖြစ်ပါကြောင်း။

မြေအရင်းအမြစ်များကို အကျိုးရှိရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အရေးအကြီးဆုံးမှာ မြေအသုံးချမှုနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ၊ စာရင်းအင်းများ၊ မြေပုံများ၊ မှတ်တမ်းများအား တစ်စုတစ်စည်းတည်း စုစည်းမှတ်တမ်းထားရှိပြီး အစိုးရဌာန ဆိုင်ရာများနှင့် အဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့် မြေဆိုင်ရာသတင်းအချက်အလက်များကို လက်လှမ်းမီနိုင်ရန် လိုအပ်ပါကြောင်း။

အဆိုပါကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် Technical Team များဖွဲ့စည်းပြီး Pilot Project များ စတင်ဆောင်ရွက်နေသည့်အတွက် အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်းကြရန် ပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ သတင်းအချက်အလက်များကို တစ်စုတစ်စည်းတည်း မှတ်တမ်းထားရှိနိုင်မှသာ မြေစီမံခန့်ခွဲခြင်းကိစ္စရပ်များ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်းများတွင် အထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော နာဂစ်မုန်တိုင်း၊ မိုခါမုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံအနှံ့အပြား ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အပူချိန်လွန်ကဲမှုအစရှိသည့် ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲဖြစ်စဉ်များကြောင့် လူမှုစီးပွားရေး ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ရလျက်ရှိပါကြောင်း၊ အဆိုပါအချက်များသည် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ်စေရေးအတွက် မြေအရင်းအမြစ်များကို ပိုမိုစနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်စေရန် မီးမောင်းထိုးပြနေသည်ဖြစ်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေးနှင့် သဲကန္တာရဖြစ်ထွန်းမှုပပျောက်စေရေး၊ မြေယာပြုန်းတီး ယိုယွင်းပျက်စီးမှုရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှုရပ်တန့်စေရေး အစရှိသည့်ကာကွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြေအရင်းအမြစ်များကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ရန် အခြေခံအကျဆုံးဖြစ်သည့် အမျိုးသားမြေဥပဒေ ထွက်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသားမြေဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်၊ အမျိုးသားမြေအသုံးချမှုကောင်စီ ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက် (၉) ချက်ပေါ် အလေးထားလိုက်နာဆောင်ရွက်ရန်၊ အမျိုးသားမြေအသုံးချမှုကောင်စီ လုပ်ငန်းတာဝန် (၁၀) ချက်အပေါ် လိုက်နာဆောင်ရွက်ရန်၊ မြေသိမ်းဆည်းခြင်း၊ လျော်ကြေးပေးခြင်းကိစ္စရပ်များကို ပြည်သူများနစ်နာမှုမရှိစေရန် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့်အညီဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများကို အခြားနည်းလမ်းဖြင့် အသုံးမပြုရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မြေကိုအကျိုးရှိစွာအသုံးချရန်အတွက် မြေယာစီမံခန့်ခွဲမှုကို စနစ်တကျ အလေးထားဆောင်ရွက်သွားရန်၊ မြေအရင်းအမြစ်နှင့် သတင်းအချက်အလက်များ မှန်ကန်စေရန် မြေပုံများ စနစ်တကျရေးဆွဲထုတ်ပြန်နိုင်ရန်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပဉ္စမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အမျိုးသားမြေဥပဒေမူကြမ်း ရေးဆွဲပြုစုနေသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ ဝန်ကြီးများက တွေ့ကြုံနေရသည့် မြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးအတွက် မြေအသုံးချမှုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ စာရင်းအင်းများ၊ မြေပုံများ၊ မှတ်တမ်းများရယူစုဆောင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေအသုံးချမှု ရှေ့ပြေးစီမံကိန်း ရေးဆွဲရေးကိစ္စရပ်များနှင့် အမျိုးသားမြေဥပဒေမူကြမ်းရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အစည်းအဝေးတွင် ဆွေးနွေးချက်များအပေါ်အခြေခံ၍ အနာဂတ်တွင်စနစ်ကျ၍ ကောင်းမွန်သောမြေယာစီမံခန့်ခွဲမှုစနစ်များပေါ်ထွန်းလာစေရန် အမျိုးသားမြေအသုံးချမှုမူဝါဒနှင့်အညီ ပီပြင်ခိုင်မာစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားမြေဥပဒေကို လက်တွေ့ကျပြီးပိုမိုထိရောက်စွာ ရေးဆွဲနိုင်ရေးအတွက် မြေယာစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေးဌာနအလိုက် ညှိနှိုင်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)