ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း မာရီယာကြောင့် တနင်္လာနေ့အထိ Tohoku မှာ မိုးသည်းထန်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း မာရီယာကြောင့် တနင်္လာနေ့အထိ Tohoku မှာ မိုးသည်းထန်နိုင်



ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း မာရီယာဟာ တနင်္လာနေ့မွန်းတည့်ချိန်မတိုင်မီ ဂျပန်အရှေ့မြောက်ပိုင်းက Tohoku ဒေသထဲ ဝင်ရောက်ဖွယ် ရှိပါတယ်။

Iwate ၊ Miyagi နဲ့ Aomori ခရိုင်တွေမှာ တနင်္ဂနွေနေ့ညကနေ တနင်္လာနေ့မနက်အထိ မိုးသည်းထန်စွာ ရွာသွန်းစေနိုင်တဲ့ တိမ်တိုက်တွေ ဖြစ်ထွန်းလာနိုင်ကြောင်း မိုးလေဝသအရာရှိတွေက သတိပေးနေပါတယ်။

အထူးသဖြင့် အဲဒီဒေသရဲ့ ပစိတ်ဖိတ်သမုဒ္ဒရာဘက်ခြမ်းမှာ ဩဂုတ်လတစ်လလုံးအတွက် ပျမ်းမျှမိုးရေချိန်ထက် ကျော်လွန်ပြီး မိုးရွာသွန်းနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အချိန်တိုအတွင်း ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မုန်တိုင်းအခြေအနေ မဆိုးဝါးလာခင် ဘေးကင်းလုံခြုံမှု ရှိအောင် ဆောင်ရွက်ကြဖို့ အကြံပြုထားပါတယ်။

မုန်တိုင်းမာရီယာဟာ ဂျပန်အရှေ့ဘက်က ရေပြင်တွေအထက်မှာ အနောက်မြောက်ဘက်ကို ဦးတည်ပြီး ရွေ့လျားနေတယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။ မိုးရွာသွန်းစေတဲ့ တိမ်တိုက်တွေဟာ Iwate ခရိုင်က နေရာတချို့နဲ့ Tohoku ဒေသရဲ့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်က ဧရိယာတွေအပေါ်မှာ ဖြစ်ထွန်းနေပါတယ်။

အဲဒီမုန်တိုင်းဟာ တနင်္လာနေ့မွန်းတည့်ချိန်မတိုင်မီ Tohoku ဒေသထဲ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ တနင်္လာနေ့ကျရင် မိုးဟာ တစ်ဟုန်ထိုး ရွာချနိုင်ပြီး အင်္ဂါနေ့အထိ ထစ်ချုန်းမိုး ရွာသွန်းနိုင်ပါတယ်။

Niigata ခရိုင်နဲ့ Hokkaido ခရိုင်မှာလည်း တနင်္လာနေ့ကနေ အင်္ဂါနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ လေပြင်းတိုက်ခတ်မယ်လို့ ခန့်မှန်းရပြီး တနင်္လာနေ့အထိ တချို့နေရာတွေမှာ ဆက်လက် တိုက်ခတ်နေနိုင်ပါတယ်။

တနင်္လာနေ့အထိ Tohoku ဒေသရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၇ မီတာအထိ ရှိနိုင်ပါတယ်။ Hokkaido ကမ်းလွန်က ပင်လယ်ပြင်မှာလည်း လှိုင်းထန်နိုင်ပါတယ်။

မိုးလေဝသအရာရှိတွေက မြေပြိုတာ၊ မြေနိမ့်ပိုင်းဧရိယာတွေမှာ ရေလျှံတာနဲ့ မြစ်ရေလျှံတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးနေပါတယ်။

မုန်တိုင်းရဲ့ လမ်းကြောင်းတည့်တည့်ပေါ်မှာ ရှိတဲ့ Tohoku မှာ မိုးရော လေပါ ရုတ်တရက် ပြင်းထန်လာနိုင်ပါတယ်။

ပြည်သူတွေအနေနဲ့ နောက်ဆုံးပေါ် မိုးလေဝသဆိုင်ရာ အချက်အလက်တွေကို စစ်ဆေးကြည့်ရှုရင်း ကိုယ်နေထိုင်တဲ့ ဒေသက ဘေးအန္တရာယ်ပြမြေပုံနဲ့ တိမ်းရှောင်ရေးနေရာတွေကို လေ့လာထားပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ထုပ်ပိုးထားဖို့ အကြံပြုထားပါတယ်။


Ref - NHK

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)