အေးချမ်းစွာ နေထိုင်လိုသော ရဟန်းရှင်လူပြည်သူများကို စာနာပါ၊ ကူညီပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အေးချမ်းစွာ နေထိုင်လိုသော ရဟန်းရှင်လူပြည်သူများကို စာနာပါ၊ ကူညီပါ



တပ်မတော်က အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်နေတယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ယခု ရက်ပိုင်းအတွင်း အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်ရာ စစ်ရေးပစ်မှတ်များကို ရှင်းလင်းဆောင်ရွက်ခဲ့တဲ့အတွက် MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များက လုပ်ကြံဖန်တီး ရေးသားထုတ်ပြန်ချက် ထုတ်ပြန်ပြီး တပ်မတော်အပေါ် အများပြည်သူ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

MNDAA, TNLA, AA ဆိုတာတွေက ပူပူနွေးနွေး အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ CRPH, NUG, PDF ဆိုတာတွေကတော့ ၃နှစ်ကျော်ကြာ အကြမ်းဖက်လုပ်ရပ်တွေကို စဉ်ဆက်မပြတ် ကျူးလွန်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် CRPH, NUG အကြမ်းဖက်အဖွဲ့တို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ အခြေပြုပြီး အကြမ်းဖက်လှုပ်ရှားမှုကို လုပ်ဆောင်နေကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ထဲက မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ် အားလုံးမှာ PDF အမည်ခံ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားတွေ အခြေပြု လှုပ်ရှားမှု ရှိနေပါတယ်။ စစ်ကိုင်းခရိုင် ထဲက စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ် တို့မှာလည်း အကြမ်းဖက်လှုပ်ရှားမှု ရှိနေပါတယ်။ ရွှေဘိုခရိုင်ထဲက ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ် တို့မှာလည်း အကြမ်းဖက်လှုပ်ရှားမှုက စဉ်ဆက်မပြတ် ရှိနေပါတယ်။ ရေဦးခရိုင် ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ် တို့မှာလည်း အကြမ်းဖက်သမားများ စဉ်ဆက်မပြတ် လှုပ်ရှားနေတုန်းပါပဲ။ 

ကလေးခရိုင် - ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်

ကသာခရိုင် - ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်

ကောလင်းခရိုင် - ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူးမြို့နယ်

ယင်းမာပင်ခရိုင် - ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်

ဖော်ပြပါ ခရိုင်အလိုက် မြို့နယ်အသီးသီးမှာ PDF အမည်ခံ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုက စဉ်ဆက်မပြတ် ရှိနေပါတယ်။ ခန္တီး၊ ဟုမ္မလင်းတို့မှာလည်း အကြမ်းဖက်သမား အခြေပြုလှုပ်ရှား သတင်းတချို့ ကြားသိခဲ့ရပါတယ်။

ကန့်ဘလူခရိုင် - ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ် တို့မှာတော့ ၅၅၀ ဆရာတော်ရဲ့ ဦးဆောင်မှုနဲ့ တပ်မတော်၊ ရဲ၊ ပြည်သူ့စစ် ပူးပေါင်းကာကွယ်မှုနဲ့ အကြမ်းဖက်ဘေးအန္တရာယ်တွေကို ထိထိမိမိတုန့်ပြန်နိုင်ပါတယ်။ အခြားသော ဒေသတွေမှာတော့ ပြည်သူ့စစ်ဖွဲ့စည်းထားနိုင်တာ ကျေးရွာအနည်းငယ်သာ ရှိပြီး KIA, PDF ပူးပေါင်းလှုပ်ရှားမှုကို ခုခံကာကွယ်နိုင်စွမ်း အပြည့်အဝ ရှိမနေပါဘူး။

အရာတော်မြို့နယ်အတွင်းမှာဆိုရင် နစကအစိုးရဲ့ အုပ်ချုပ်ရေးယန္တရားဟာ မြို့ပေါ်လောက်သာ သက်ရောက်ပြီး NLD လွှတ်တော်အမတ်ဟောင်းတွေ ဦးဆောင်တဲ့ PDF အကြမ်းဖက်အဖွဲ့ဟာ ကျေးရွာတွေကို စိုးမိုးထားတဲ့ အခြေအနေ၊ ကျေးရွာများမှာ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူပေါင်းများစွာ အသက်ခံခဲ့ရသလို တနယ်တကျေးကို ထွက်ပြေးတိမ်းရှောင်နေကြရသူတွေလည်း ရှိပါတယ်။ ကာလရှည်ကြာ ဒီလို ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ဒေသခံပြည်သူတွေရဲ့ ဆက်သွယ်ပေးပို့ သတင်းတွေကို ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် အနေဖြင့်လည်း ဒေသတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်လှုပ်ရှားမှု ချုပ်ငြိမ်းရေး စဉ်ဆက်မပြတ် တင်ပြခဲ့ပေမယ့် ယနေ့တိုင်အောင် ရှင်းလင်းဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး။

ချောင်းဦးမြို့နယ်အတွင်းမှာဆိုရင် ရှားရှားပါးပါး ကံကြီးကုန်းရွာဟာ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံခြင်းမရှိဘဲ ပြည်သူ့စစ်ဖွဲ့စည်းပြီး တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းကာ အကြမ်းဖက်ဘေးအန္တရာယ်ကို ခုခံကာကွယ်နေကြတယ်။ KIA, PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ မုံရွာ၊ ချောင်းဦး နယ်အတွင်း လှုပ်ရှားဆောင်ရွက်ရာမှာ ဒီရွာက သူတို့တွေ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ အတားအဆီး ဖြစ်နေတဲ့ အခါကြတော့ ဒီရွာကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြတယ်။ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာလို့ စစ်ကူ ပစ်ကူ ဆောင်ရွက်ပေးခဲ့ရတာလည်း ရှိပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း နေ့စဉ် နေ့တိုင်း တခြားရွာကနေ ရှော့တိုက်ဒုံးနဲ့ ပစ်တာ၊ ဒရုန်းနဲ့ ဗုံးသီးလာပစ်ချတာ မျိုးတွေ နေ့တိုင်း လုပ်ဆောင်နေပါတယ်။ ယမန်နေ့ (၁၀-၉-၂၀၂၄) ရက်နေ့ ညပိုင်းက မိုးရွာလို့ ပစ်ခတ်တိုက်ခိုက်တာမျိုး လုပ်မရခဲ့ဘူး။ ဒီနေ့ မနက် မိုးတိတ်တာနဲ့ ပစ်နေပြန်တာပဲလို့ သိရပါတယ်။ အဓိကအားဖြင့် အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားတဲ့ ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာ က အကြမ်းဖက်သမားများ ခိုလှုံနေတဲ့ စစ်ရေးပစ်မှတ်များကို စစ်ကြောင်းထိုး ရှင်းလင်းပေးရင်ဖြင့် ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်လှုပ်ရှားမှု ပပျောက်သလောက် ဖြစ်သွားမယ်။ ကံကြီးကုန်းရွာလေးလည်း အကြမ်းဖက်သမားတွေရဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်ခံနေရတဲ့ အခြေအနေကနေ ကင်းလွတ်သွားမယ်။ စစ်ကြောင်းထိုးခဲ့တာတွေ ရှိတယ်။ စီမံညွှန်ကြားသူတွေ က အကြမ်းဖက်သမား အခြေပြုလှုပ်ရှားတဲ့ သုံးပန်လှရွာကို တစ်ခါမှ ရှင်းလင်းဆောင်ရွက်တာမျိုး မရှိခဲ့ဘူး။

အချို့သော မြို့နယ်တွေမှာ ပြည်သူ့စစ်ဖွဲ့စည်းပြီး အကြမ်းဖက်ဘေးအန္တရာယ်တွေကို အံတု ရင်ဆိုင်နေကြသူတွေ ရှိတယ်။ အဲဒီလို တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူ့စစ်ရွာတွေမှာ ရိက္ခာပြတ်နေလို့ အကူအညီတောင်းခံနေသော်လည်း နစကအစိုးရရဲ့ ခရိုင်၊ မြို့နယ် အဆင့် အာဏာပိုင်တွေက ဘာမှ ကူညီဖြည့်စည်း ဆောင်ရွက်ပေးခြင်း မရှိလို့ ငိုညည်းနေတဲ့ ပြည်သူတွေရဲ့ အသံကို ကြားသိလာရတယ်။ အာဏာပိုင်တွေက သူတို့ကိုယ်တိုင်လည်း ပြည်သူများအပေါ် စာနာထောက်ထားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း မရှိသလို ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို မီဒီယာများထံ ဆက်သွယ်ပြောကြားရင်လည်း ရန်ရှာချင်ကြသေးတယ်။ သဘောကတော့ သူတို့ကို အပေါ်က ထောင်းမှာကို ကြောက်တယ်။ သူတို့ရဲ့ ရာထူးအဆင့်အတန်းတွေ လျော့ကျသွားမှာကို စိုးရိမ်တယ်။ အဲဒါဆိုရင် အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပါလား။ အဲဒီလို မဟုတ်ဘဲနဲ့ အပေါ်ဖား၊ အောက်ဖိ သတင်းအမှောင်ချပြီး ပြည်သူတွေကို သေတွင်းထဲ တွန်းပို့သလို လုပ်နေတာမျိုးက ရက်စက်လွန်းတယ်။

ထိုသို့သော အခက်အခဲ အကြပ်အတည်းများနဲ့ ရင်ဆိုင်ပြီး အကြမ်းဖက်ဘေးအန္တရာယ်များကို အံတုရင်ဆိုင် ကာကွယ်နေကြတဲ့ ရဟန်းရှင်လူပြည်သူများကိုလည်း တာဝန်ရှိသူများအနေနဲ့ စာနာပါ၊ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် အကြမ်းဖက်ဘေးအန္တရာယ် ကင်းဝေးအောင် ကူညီမှုပေးပါလို့ မေတ္တာရပ်ခံ တင်ပြပါရစေ။  ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)