ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက် သည့် နေရာများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက် သည့် နေရာများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

 




လွိုင်ကော်   ၊  စက်တင်ဘာ ၁၄


တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် စူပါတိုင်ဖွန်း ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ပြီး ဘီလူးချောင်းရေမြင့်တက်ခဲ့သဖြင့် ရေဝင်ရောက်လျက်ရှိ သည့် လွိုင်ကော်မြို့ ၊ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်များ ၊ ရေစီးကွေ့ ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)နမ့်ကွတ် ၊  ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် ကန္ဒရဝတီတံတားတို့၌ ချောင်းရေမြင့် တက်မှုအခြေအနေများအား ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့၌ ဘီလူးချောင်း ရေဝင်ရောက်မှုကြောင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် များက ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ နမ့်ကွတ်ရေစီးကွေ့သို့သွားရောက်၍ ရေနစ်မြုပ်မှုမရှိရန် ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိမရှိ ၊ မြေထိန်းနံရံနေရာများနှင့် နေအိမ်များတွင် ဘီလူးချောင်းရေ ထပ်မံဝင်ရောက်မှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့သည်။


ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နမ့်ကွတ်ကျောင်း ရေဝင်ရောက်လျက် ရှိမှုအားသွား ရောက်ကြည့်ရှု၍ ပြည်နယ်ပညာရေးမှူး ၊ ကျောင်းအုပ်ဆရာမကြီး ၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံကာ “ရေများဝင်ရောက်မှုကြောင့် ကျောင်းအားယာယီ ပိတ်ထားသော်လည်းကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား ၊ ကျောင်းသူများ ကျောင်းမပျက်စေရေးအတွက် အခြားစာသင်ကျောင်းများနှင့် တွဲဖက်သင်ကြားနိုင်ရန်နှင့် ဆရာ ၊ ဆရာမများ ယာယီခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နိုင်ရေး လိုအပ်သည်များကို စီမံဆောင်ရွက် ပေးရန်” မှာကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယာယီခိုလှုံရေးစခန်း ဖွင့်လှစ်ထားသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ရေဘေး သင့် ပြည်သူများအတွက် နေရာချထားမှု ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး “ကွပ်ကဲမှုရုံး စနစ်တကျဖွင့်လှစ်၍ ကျန်းမာရေးစနစ်တကျ စောင့်ရှောက်ပေးရန် ၊ (၂၄)နာရီ ရေကင်း    စောင့်ကြည့်နိုင်ရန်နှင့်   ရေဘေးသင့်ပြည်သူများအား လတ်တလော စားသောက်မှု အဆင်ပြေ     စေရေးဆောင်ရွက်ပေးရန်နှင့် လုံခြုံရေးစနစ်တကျဆောင်ရွက်ပေးရန်” တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ယင်းနောက် ရွှေတောင်ပရိယတ္တိစာသင်တိုက်ကျောင်းဝန်းအတွင်း ရေများဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး “ကျောင်းဆောင်များအတွင်းရှိ အရေးကြီး ပစ္စည်းများနှင့် စာပေကျမ်းဂန်များအား စနစ်တကျရွှေ့ပြောင်းပေးရန်” သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကာ ကန္ဒရဝတီတံတားသို့သွားရောက်ပြီးနောက် ဘီလူးချောင်းရေအမှတ်တိုင်း ကိရိယာ အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)