နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်တွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်တွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး




နေပြည်တော် ၊ စက်တင်ဘာ ၆


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး သန့်ရှင်းသာယာရေးနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ကြည့်ရှုစစ်ဆေးရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရေမြောင်းများအတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး စီမံဆောင်ရွက်စေလိုကြောင်း၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို အမြဲမပြတ်ဆောင်ရွက်စေလိုကြောင်း၊ ပင်လောင်းလမ်းဆုံနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေများတစ်ဆက်တစ်စပ်တည်း စီးဆင်းစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာ ကွင်းအမှတ် ၁၇၂၁ ကွင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးကို ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြစိုက်ပျိုးနေမှုကို သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများနှင့်တွေ့ဆုံပြီး စပါးအပါအဝင် သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ သွင်းအားစုများကို စနစ်တကျထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးကို အလေးထားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် စနစ်တကျ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ရေပေးမြောင်းများနှင့် ရေနုတ်မြောင်းများအတွင်း ပေါင်းမြက်များမရှိစေရေးကို အမြဲမပြတ် ရှင်းလင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တောင်သူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေး ဆောင်ရွက်နေသည့် သဘာဝမြေဆွေးများနှင့် သဘာဝမြေဩဇာများကို ကြည့်ရှုအားပေးခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာအနီး ပျဉ်းမနား- ညောင်ပင်သာကျေးရွာနှင့် မွန်းတည့်ခွင်သို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်းပေါ်တွင် လမ်းပြုပြင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းများ ရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)