တိုင်းဒေသကြီးဝန်ကြီးချုပ်နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုအားကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ်နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုအားကြည့်ရှုအားပေး





ပုသိမ်၊ စက်တင်ဘာ ၈

နှစ်(၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင် ရဲတပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်(၉၀)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံပတ်ဝန်းကျင်နှင့် ကံ့ကော်တောလမ်းတို့၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များခုတ်ထွင်ရှင်းလင်းရန်နှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ တောင်သူဦးချစ်ထွေး၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကတွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ရက်(၉၀)မျိုးစပါး ပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကများထိခိုက် ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ကုစားစိုက်ပျိုးနေမှုအခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစုများထောက်ပံ့ပေးနေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှုမရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အမှတ်စဉ်(၁၂)၊ ပညာရေးဘွဲ့(၅)နှစ်သင်တန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)ပထမနှစ်သင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စတုတ္ထနေ့နှင့် ပဉ္စမနေ့ပြိုင်ပွဲများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယမန်နေ့ စတုတ္ထနေ့ ပြိုင်ပွဲများဖြစ်သည့် အခြေခံပညာ(၁၅-၂၀)(အမျိုးသား)(အမျိုးသမီး)ပတ္တလား၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား/အမျိုးသမီး) ရုပ်သေးကြိုးဆွဲ၊ ဝါသနာရှင်ပထမတန်း(အမျိုးသား) ကွက်စိပ်တို့၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင်ဒုတိယတန်း(အမျိုးသား)ဒိုးပတ်ပြိုင်ပွဲအားလည်းကောင်း၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပလျက်ရှိသည့် အဆင့်မြင့်ပညာ(အမျိုးသား/အမျိုးသမီး) အမျိုးဂုဏ်/ဇာတိဂုဏ်၊ ခေတ်ဟောင်းကလပေါ်၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား)(အမျိုးသမီး)မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသား)(အမျိုးသမီး)မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)