တာမွေမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြေ ာင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြေ ာင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ




တာမွေ  ။   စက်တင်ဘာ     ၁၈


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် တာမွေမြို့နယ်သန်းခေါင်စာရင်းကော်မတီမှ စီစဉ်ဖွင့်လှစ်သော  မြို့နယ် အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်းနှင့်ဦးထွန်းမြတ်လမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်မှူး ရဲမှူးကောင်းနိုင်၊ တာမွေ မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ ဆရာဆရာမများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်မှူး ရဲမှူးကောင်းနိုင်က အဖွင့်အမှာစကားပြောကြားရာ တွင် “ ၂ဝ၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတဝှမ်းလုံးမှာ ၂၀၂၄ - ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ကစပြီး ကောက်ယူသွားမှာဖြစ်လို့ ယနေ့ကစ ရေတွက်ရင် ၁၄ ရက်ခန့်သာ ကျန်ရှိတော့ တာဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံများမှာ အနည်းဆုံး ၅ နှစ်မှ ၁၀နှစ်အတွင်း သန်းခေါင်စာရင်း ကောက်ယူ လေ့ရှိပါကြောင်း၊ ၂၀၁၄ - ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းရလဒ်များကို ဝန်ကြီးဌာနများ၊ ကျောင်းသား ကျောင်သူများ၊ စီးပွားရေး၊ လူမှုရေးအသင်းအဖွဲ့များ စသည်ဖြင့် မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ ပြည်သူများအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းနယ်ပယ်မှာ ရယူသုံးစွဲနိုင်ခဲ့ပြီး တိကျခိုင်မာတဲ့ စာရင်းဇယားအချက်အလက်များ ဖြစ်တာကြောင့် လုပ်ငန်းများဆောင်ရွက်ရာမှာ များစွာအကျိုးဖြစ်ထွန်းစေခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းဆိုတာကတော့ လူဦးရေနှင့် လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စာရင်းအင်းများ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာတို့ကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသော လုပ်ငန်းဖြစ်ပြီး လုပ်ငန်းပမာဏ ကြီးမားသလို ငွေကြေးကုန်ကျမှုလဲ များပါကြောင်း၊ ၂၀၁၄ သန်းခေါင်စာရင်းကို UNFPA အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုဖြင့် Manual စနစ်နဲ့ ကောက်ယူခဲ့တာဖြစ်ပြီး ယခု ၂၀၂၄ သန်းခေါင်စာရင်းကို နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက်နဲ့ CAPI လို့ခေါ်တဲ့ နည်းပညာနဲ့ Tablet အသုံးပြုပြီး ကောက်ယူသွားမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၈၇၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁ဝ နှစ် ၁ကြိမ် သန်းခေါင်စာရင်းကောက်ခဲ့ပြီး နောက်ဆုံးကောက်ယူခဲ့တဲ့ ၁၉၄၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၁၆.၈ သန်း ရှိပါကြောင်း၊ လွတ်လပ်ရေးရပြီး တဲ့နောက် ၁၉၇၃ မှာ ၂၈.၉ သန်း၊ ၁၉၈၃ မှာ ၃၅.၃ သန်းနဲ့ ၂၀၁၄ မှာ ၅၁.၄ သန်းရှိကြောင်းကို သန်းခေါင်စာရင်း ရလဒ်များအရ သိရှိရပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဟာ ကြီးမားကျယ်ပြန့်ပြီး စာရင်းများ မထပ်၊ မကျန်၊ အမှန်ရရှိဖို့ အရေးကြီးတာဖြစ်လို့ ကာလအားဖြင့် ၅၄ လခန့် အချိန်ယူ ဆောင်ရွက်ရတာဖြစ်ပါကြောင်း၊ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေကတော့ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနဲ့ ဆန်းစစ်ချက်အစီရင်ခံစာ ထုတ်ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရပါကြောင်း၊ ယခုအခါမှာ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ဗဟိုအဆင့်နည်းပြသင်တန်း၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်နည်းပြ သင်တန်း၊ ခရိုင်အဆင့်နည်းပြသင်တန်း၊ မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းများ ပို့ချနေတဲ့ အချိန်ဖြစ် ပါကြောင်း၊ ဗဟိုအဆင့်နဲ့ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းများပြီးလို့ ခရိုင်/မြို့နယ်အဆင့် သင်တန်းများ ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ စာရင်းစစ်များအဖြစ် အထက်တန်းနှင့်အလယ်တန်း ဆရာ/ဆရာမများကို တာဝန်ပေးအပ်ထားပြီး စာရင်းကောက်များကို မူလတန်းပြဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများနဲ့ စိတ်ပါဝင်စားသူများ၊ Volunteers များကို တာဝန်ပေးအပ်ထားပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာပါဝင်တဲ့ စာရင်းစစ်၊ စာရင်းကောက်တွေထဲမှာ နိုင်ငံ့ဝန်ထမ်း ဆရာ/ဆရာမများ ပါဝင်သလို အရန်မီးသတ်၊ ကြက်ခြေနီ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာနဲ့ တက္ကသိုလ်ကျောင်းသားများ စတဲ့ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို စိတ်တင်စားတဲ့ Volunteerများ ပါဝင်တာဖြစ်လို့ အဆိုပါ Volunteerများ အနေနဲ့ တာဝန် ထမ်းဆောင်ချိန်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပါကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များ အားလုံးဟာ နိုင်ငံတော်အဆင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခွင့်ရရှိတဲ့အတွက် မိမိဘဝတစ်သက်တာမှာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းဝင် ကျန်ရစ်မှာဖြစ်လို့ များစွာဂုဏ်ယူဝမ်းမြောက်ရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ယခုသင်တန်းမှာ ပို့ချမဲ့သင်ခန်းစာများကို သေချာစွာလေ့လာ ခံယူမှတ်သားပြီး သန်းခေါင် စာရင်းကောက်ယူရာမှာ အရည်အသွေးပြည့်ဝသည့် တိကျမှန်ကန်တဲ့ လူဦးရေစာရင်းများရရှိရေး ဆောင်ရွက်ပေးကြပါ၊ အဖွဲ့အစည်းနဲ့ ဆောင်ရွက်ရတာဖြစ်လို့ မိမိကျရာအခန်းကဏ္ဍမှာ အကောင်းဆုံးပါဝင်ဆောင်ရွက်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ရိုင်းပင်းကူညီခြင်း၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ၂ဝ၂၄ ခုနှစ်လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီး အောင်မြင်အောင်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများအား သက်ဆိုင်ရာတာဝန်ရှိ သူများက သင်တန်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များသည် မြို့နယ်အဆင့် သင်တန်းနည်းပြများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှု စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan MSDP) အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်၊ မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ် (National Statistical System)၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics- NSDS) အထောက်အပံ့ပြုနိုင်ရန်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မြန်မာနိုင်ငံမှာ ရှေးအစဉ်အဆက်ကတည်းက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ကောက်ယူလာခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ နောက်ဆုံး ကောက်ယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၃၁ နှစ်ကြာပြီးမှ ၂၀၁၄ ခုနှစ်မှာ ပြန်လည် ကောက်ယူနိုင်ခဲ့တာဖြစ်လို့ ၁၀ နှစ်ပြည့်မြောက်တဲ့ ၂ဝ၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ထပ်မံကောက်ယူရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)