ဒုတိယဝန်ကြီး ဦးအေးထွန်း ရှမ်းပြည်နယ် (တောင်ပိုင်း) သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအေးထွန်း ရှမ်းပြည်နယ် (တောင်ပိုင်း) သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်


တောင်ကြီး၊ စက်တင်ဘာ ၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတို့ကို သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ အောင်ချမ်းသာပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ) ဦးဆောင်တည်ထားလျက်ရှိသည့် ဉာဏ်တော် ၁၀၈ တောင်ရှိ သီရိမင်္ဂလာအောင်ချမ်းသာစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နာယကဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ညနေပိုင်းတွင် အေးသာယာမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသူရိယ၏ ရွှေတောင်တန်းဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းနှင့် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်ကာ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ဩဝါဒကိုခံယူပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ဟိုပုံးမြို့ရှိ နောင်တောင်းတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာသီရိအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ သက်မွေးပညာဌာန၌ ကျောင်းသူများ၏ စက်ချုပ်ပညာသင်ယူနေမှု၊ မုန့်လုပ်ပညာသင်ယူနေမှုများနှင့် ကျောင်းသား ကျောင်းသူများ၏ အတန်းစာပေသင်ယူနေမှုများကိုလည်းကောင်း၊ နောင်တောင်းသီလရှင်သင်ပညာရေးမူလတန်းကျောင်း၌ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပြည့်စုံစွာရရှိမှုအခြေအနေ၊ ကျောင်းသားဦးရေနှင့် ဆရာဦးရေအချိုးမျှတစွာဖြင့် ပညာသင်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးလျှောက်ထားကာ ကျောင်းစာကြည့်တိုက်နှင့် သီလရှင်ဆရာလေးများ၏ အတန်းစာပေသင်ယူနေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးသည်။ ဆက်လက်၍ ဟိုပုံးမြို့နယ် သာသနာရေးမှူးရုံးဆောက်လုပ်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်သာသနာရေးမှူးရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်သည်။

ယင်းနောက် သိမ်တောင်ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ကို ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများလျှောက်ထားကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ရှိ ဓမ္မဝိဒူဘုန်းတော်ကြီးသင်ပညာရေးမူလတန်းလွန်ကျောင်း ကျောင်းအုပ် ဆရာတော်ဘဒ္ဒန္တဆန္ဒရာဇာဘိဝံသကိုလည်းကောင်း၊ အေးသာယာမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓနိတနှင့် သင်ကြားစီမံဆရာတော်များကိုလည်းကောင်း ဖူးမြော်ကြည်ညိုကာ သင်တန်းသားရရှိမှုအခြေအနေများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပေးပို့လှူဒါန်းသည့် ထာဝရဆွမ်းပဒေသာပင်နှင့် အာစရိယအလှူတော်ငွေရရှိမှုအခြေအနေများကို လျှောက်ထားကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)