ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရေကန်များတူးဖော်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရေကန်များတူးဖော်နေမှု ကြည့်ရှုအားပေး


နေပြည်တော်၊ စက်တင်ဘာ ၈

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ရေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း ရေကန်နှစ်ကန်ပါဝင်လှူဒါန်းတူးဖော်ပေးလျက်ရှိရာ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တူရွင်းတိုင်ကျေးရွာအနီးရှိ ကန်အမှတ် - ၀၅၉ ပအိန်းကန် တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းသုတေသနဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ တူးဖော်ရန်နှင့် မိုးမကုန်မီ ရေစုဆောင်းနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကုန်းတန်းကြီး ကျေးရွာအဝင်လမ်း အရှည်လေးဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် လမ်းအရှည်တစ်မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် အောက်ခံမြေပြုပြင်နေမှုနှင့် ရေကျော်တည်ဆောက်မည့်နေရာများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ကုန်းတန်းကြီးကျေးရွာ၌ ကုန်းတန်းကြီးစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ သန့်စင်ကြယ် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ဖျောက်ဆိပ်ကင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းတို့မှ အသင်းသားအသင်းသူများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး အသင်းသား တောင်သူများ၏တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန်များနှင့် အထင်ကရနေရာများသို့ သွားလာမှုလွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိသည့် လမ်းကိုးလမ်းတွင်ပါဝင်သော အရှေ့ဖွားစောကျေးရွာမှ ဇယဝေရီကန်သို့သွားသည့် လမ်းဂျင်းကျောက်ခင်းထားမှု၊ ပေ ၅၂၄၀ ၌ မြေသားထုနှစ်ပေတင်၍ သိပ်သည်းမှု (Compaction) ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ ပေ ၁၅၀ ကွန်ကရစ်ရေကျော် စတင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး ဇယဝေရီကန်တွင် မိုးရေစုဆောင်းရရှိမှုနှင့် ကန်ပတ်ဝန်းကျင် သစ်ပင်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုသည်။

ဆက်လက်၍ သူဌေးကန်ကျေးရွာ၌ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားနေသည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသူများအတွက် အပ်ချုပ်စက်များ ထောက်ပံ့ပေးအပ်ကာ ၎င်းတို့ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို လည်းကောင်း၊ မင်းနန်သူကျေးရွာအဝင်လမ်းတွင် အရှည်ပေ ၂၀ ကွန်ကရစ်ရေကျော် တည်ဆောက်နေမှုနှင့် ကတ္တရာခင်းရန်အတွက် ပစ္စည်းစုဆောင်းနေမှုတို့ကိုလည်းကောင်း၊ မင်းနန်သူကျေးရွာတွင်းလမ်းများ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တူးဖော်ပေးခဲ့သော မြေနဲလေးကျေးရွာအနီးရှိ ကန်အမှတ်-၀၆၁ တူးဖော်ပြီးစီးမှုနှင့် ရေစတင်ဝင်ရောက်မှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်နှင့် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအစီအစဉ်အရ ချိတ်ဆက်ထားသော ခေတ်မီစံပြ ကျေးရွာသုံးရွာအနက် ခရီးသွားကဏ္ဍဖြင့် ချိတ်ဆက်ထားသည့် မြင်းကပါစံပြကျေးရွာ၌ ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်ခင်းနေမှု၊ ရေနုတ်မြောင်းများ အုတ်ရိုးစီနေမှုနှင့် Slab Culvert ဆယ်စင်း တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လောကနန္ဒာစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညို၍ မဉ္ဇူသကနတ်ပန်းမှ ရေချိုးဆပ်ပြာ၊ လက်ဖက်ခြောက်၊ ယို၊ အလှဆီ၊ ခေါင်းလျှော်ရည် စသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနေသော ဒေသခံဈေးသည်များနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း၏ ယွန်းထည်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)