တာချီလိတ် ၊ စက်တင်ဘာ ၁၂
တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်းနှင့် မယ်ခေါင်ချောင်း ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၉ ရက် မွန်းလွဲ (၁) နာရီခန့်အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရေများ ပြန်လည်ကျဆင်းလာလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခြင်းနှင့် ရေကျဆင်းသွားသည့်နေရာများမှ ရွှံ့နွံနှင့် အမှိုက်သရိုက်များကို စတင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကျဆင်းသွားသည့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) နှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရွှံ့နွံနှင့် အမှိုက်သရိုက်များကို မြို့နယ်စည်ပင်သာယာရေးဌာနမှ စက်ယန္တရားနှင့် လူအင်အားဖြင့် လည်းကောင်း၊ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ရေကျဆင်းသွားသည့်ရပ်ကွက်များတွင် ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက လည်းကောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းကိုနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေဆဲ ရပ်ကွက်များမှ ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment