၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ခေတ်မီစံပြကျေးရွာများထူထောင်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၂၈ ရွာ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ခေတ်မီစံပြကျေးရွာများထူထောင်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၂၈ ရွာ ဆောင်ရွက်ပေး


နေပြည်တော်၊ စက်တင်ဘာ ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာ၌ ချောင်းကမ်းကြီး စိုက်ပျိုးရေးနှင့် အထွေ‌ထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဂွေးပင်စံပြကျေးရွာရှိ လယ်မြေ ၇၉ ဒသမ ၈၈ ဧကအား စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးမှု၊ အသင်းသားတောင်သူ ၃၆ ဦးအတွက် မိုးစပါးရာသီ၌ ဆင်းသုခမျိုးစပါးနှင့် သွင်းအားစုများ ပံ့ပိုးပေးခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခေတ်မီစံပြကျေးရွာများ အပါအဝင် ကျေးရွာအများစုတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းပိုင်လယ်မြေ ၇၉ ဒသမ ၈၈ ဧကတွင် နေကြာစိုက်ပျိုးရေး စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ၊ စိုက်ပျိုးနည်းစနစ်များ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး တောင်သူများက စိုက်ပျိုးရေးဦးစီးဌာန၏ နည်းစနစ်များအတိုင်း လိုက်နာစိုက်ပျိုးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာတင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမဝါယမဦးစီးဌာနက ပံ့ပိုးပေးခဲ့သည့် Rakka ဝါမျိုး ခြောက်ဧက စိုက်ပျိုးထားသော အသင်းသားတောင်သူ ဦးအောင်သန်း၏ စိုက်ခင်းသို့သွားရောက်ကြည့်ရှုအားပေးပြီး ရွှေဥဒေါင်းကျေးရွာ၌ကျင်းပသည့် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်၊။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး တို့အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ခေတ်မီစံပြကျေးရွာများ ထူထောင်ပေးခဲ့ရာ ယခုဘဏ္ဍာနှစ်အထိ မြို့နယ်ပေါင်း ၁၀၄ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၂၈ ရွာတွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ဦးစီးဌာနလေးခုရှိပြီး အဆိုပါဦးစီးဌာနများက ကျေးရွာ၏အခြေခံအဆောက်အအုံများ၊ ကုန်ထုတ်လမ်း၊ ကျေးရွာတွင်းလမ်း၊ ကျေးရွာအဝင်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်မီးလင်းရေး၊ ရေရရှိရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၆၀၀၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၃၀၀ နှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေကျပ်သိန်း ၃၀၀ တို့ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူခဲ့ကြပြီး ကျေးရွာသူကျေးရွာသားများ ကိုယ်စား ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပုဗ္ဗသီရိမြို့ဆက်လမ်းမှ ရွှေဥဒေါင်း - ရွေးစု ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းနေမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ(စံပြ)ကျေးရွာရှိ အထွေထွေစီးပွားရေး သမဝါယမအသင်း၏ ကုန်မျိုးစုံအရောင်းဆိုင်၊ သင်တန်းအောင်မြင်ပြီး တစ်နိုင်တစ်ပိုင်ဆောင်ရွက်နေသော ယွန်းမီအပ်ချုပ်ဆိုင်လုပ်ငန်း၊ မိဘမေတ္တာရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ကုန်မျိုးစုံအရောင်းဆိုင်များကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)