ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှု၊ တောင်သူအသိပညာပေး မြေသြဇာစုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြ အခမ်းအနားနှင့် တောင်သူများအား ကြိုးပမ်းအားထုတ်မှုအကောင်းဆုံးဆုများ ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှု၊ တောင်သူအသိပညာပေး မြေသြဇာစုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြ အခမ်းအနားနှင့် တောင်သူများအား ကြိုးပမ်းအားထုတ်မှုအကောင်းဆုံးဆုများ ဂုဏ်ပြုချီးမြှင့်



မြစ်ကြီးနား ၊ စက်တင်ဘာ ၈


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှေ့တွင် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက အမှိုက်များကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အပင်ကြီးများ ခုတ်ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ ပြည်နယ်အတွင်း မိုးစပါးအပါအဝင် သီးထပ်သီးညှပ်များ တောင်သူအသိပညာပေးစိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်ဧက ၁၀၀ စံပြစိုက်ကွင်း၌ ကျင်းပသည့် မိုးစပါးစိုက်ခင်းများအတွင်း တောင်သူအသိပညာပေး မြေသြဇာစုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဗလမင်းထင်စိုက်ကွင်းသည် ယခင်က ရေဝပ်ဧရိယာတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ယခုမြင်တွေ့ရသကဲ့သို့ မိုးစပါးစိုက်ခင်းများဖြင့် စိမ်းလန်းစိုပြည်သာယာလှပပြီး အများပြည်သူအပန်းဖြေနိုင်သော နေရာတစ်ခုအဖြစ် ကြိုးစားအကောင်အထည်ဖော်နိုင်ခဲ့မှုအပေါ် များစွာဂုဏ်ယူပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများကို တိုးမြှင့်ထောက်ပံ့ပေးနိုင်ခဲ့ခြင်း၊ မိုးစပါးရာနှုန်းပြည့် အထွက်တိုးပွားရေးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေးကိုလည်း အားပေးထောက်ပံ့ခဲ့ပါကြောင်း၊ ရှိပြီးသား စိုက်ဧကများကို လူနေအိမ်များ ကျူးကျော်ဆောက်လုပ်ခြင်းမရှိအောင် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကွင်းအတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါး ရာနှုန်းပြည့် အထွက်တိုးပွားရေး၊ နွေ/ မိုး/ ဆောင်း သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးပေးခြင်းဖြင့် ဒေသတွင်း နည်းပေးလမ်းပြ၊ အတုယူစရာ စံပြစိုက်ကွင်းတစ်ခုအဖြစ် မိမိတို့ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းကြိုးစားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က စံပြစိုက်ကွင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ စဉ်ဆက်မပြတ် စိုက်ပျိုးနည်းပညာပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည့် အခြေအနေများနှင့် မိုးစပါးရာနှုန်းပြည့် အထွက်တိုးပွားရေးအတွက် အထူးဂရုပြုလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်းသီးထပ် ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးနိုင်သည့် အချက်အလက်များကို တောင်သူအသိပညာပေး ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စံပြကွင်းအတွင်း မိုးစပါးစိုက်ပျိုးရာတွင် နည်းစနစ်မှန်ကန်စွာ ကြိုးပမ်းအားထုတ် စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကြသော တောင်သူများအား ပျိုးသက်မှန်စိုက်ပျိုးခြင်းဆု၊ ကောက်ကွက်အပြည့်မီဆုံးဆု၊ ပေါင်းမြက်ကင်းရှင်းခြင်းဆု၊ ကြိုးပမ်းအားထုတ်မှု အကောင်းဆုံးဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မိုးစပါးစိုက်ကွင်းအတွင်း တောင်သူများ၏ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာအချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြ စုပေါင်းကြဲပက်မှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ စိုက်ခင်းဘေးကားလမ်းမပေါ်တွင် ကွင်းအတွင်းရှိ တောင်သူများနှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဓာတ်မြေသြဇာဈေးနှုန်းကြီးမြင့်မှုအပေါ် တောင်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် သီးနှံအထွက်နှုန်း ရာနှုန်းပြည့် ပြည့်မီကျော်လွန်ရေးအတွက် ယူရီးယားဓာတ်မြေသြဇာအိတ်များအား ပြင်ပပေါက်ဈေးထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)