နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော်၊ စက်တင်ဘာ  ၇

၂၀၂၄ ခုနှစ် လူဉီးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက် ကြသည်။  

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က အမှာစကားပြောကြား ရာတွင် သန်းခေါင်စာရင်းလုပ်ငန်း စီမံကိန်းတစ်ခုလုံး အောင်မြင်စေရန် အသေးစိတ်စီမံချက် ရေးဆွဲပြီး လုပ်ငန်းစဉ်တစ်ဆင့်ချင်းအလိုက် လုပ်ငန်းအချိန်ဇယား သတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ ကစပြီး (၃၆)လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကြာမီ ပြီးစီးတော့မည် ဖြစ်ကြောင်း။

ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်မည်ဆိုပါက GIS နည်းပညာနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ CAPI စနစ်တည်ဆောက်ခြင်းနှင့် Applicationရေးသားခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်ထားခြင်း၊ Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင်ပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးသို့ ပေးပို့ခြင်းစသည့် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြေပြင်တွင် သန်းခေါင်စာရင်း လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရမည့်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ကြီးကြပ်ရမည့် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်းဆိုင်ရာ ပြည်သူလူထုအသိပညာ ပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၄ ခုနှစ် စက်တာဘာလ ၁ ရက်နေ့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူများသို့ မိန့်ခွန်းပြောကြားခဲ့ပါကြောင်း၊ အဆိုပါ မိန့်ခွန်းမှ အရေးကြီးသည့် အချက်တစ်ချက်ကို ဖော်ပြရမည်ဆိုပါက “နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူများ၏ မျှော်လင့်ချက်၊ လိုအပ်ချက်များကို ပုံဖော်ပေးနိုင်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်” တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရကြောင်း။

ယခုအခါ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီများ၏ ကြီးကြပ်ကွပ်ကဲမှုနှင့်သန်းခေါင်စာရင်း သင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်စသည်ဖြင့် အချိန်ဇယားအတိုင်း အဆင့်ဆင့် ဖွင့်လှစ်နေကြပြီး သင်တန်းပြီးဆုံးပါက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို သတ်မှတ်ရက်တွင် နိုင်ငံတစ်ဝန်း မြေပြင်ကွင်းဆင်း စတင်ကောက်ယူသွားမည်ကို အသိပေးလိုကြောင်း။

သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်ကို သတ်မှတ်အချိန် ဇယားနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုအပေါ် နိုင်ငံတော်အစိုးရ ကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း။

သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြမည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ တိကျမှန်ကန်ပြီး အရည်အသွေးပြည့်ဝသည့် သန်းခေါင်စာရင်း အချက်အလက်များရရှိစေရန် သန်းခေါင်စာရင်းကောက်ယူမည့် ကာလအတွင်းတွင် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကွပ်ကဲမှု၊ သန်းခေါင် စာရင်းကော်မတီအဆင့်ဆင့်၏ အနီးကပ်ကြီးကြပ်မှု၊ စာရင်းစစ်၊ စာရင်းကောက်များ၏ ကြိုးစားအားထုတ်မှုများအပေါ်တွင် ရာနှုန်းပြည့် မူတည်နေပြီး ပြည်သူများကလည်း တစ်တက်တစ်အား ပါဝင်ဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း။

သန်းခေါင်စာရင်း ကောက်ယူရာနှင့် သင်တန်းများဖွင့်လှစ်ရာတွင် အသုံးပြုရမည့် အသုံးအဆောင်ပစ္စည်းများကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါအသုံးအဆောင် ပစ္စည်းများကို စာရင်းစစ်၊စာရင်း ကောက်များလက်ဝယ်သို့ အချိန်မီရောက်ရှိအောင် ထုတ်ပေးနိုင်ရေး၊ လေလွင့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ မသမာသူများ လက်ဝယ်မရောက်ရှိစေရေး စသည်များကိုလည်း အထူးဂရုစိုက်ရန်လိုကြောင်း။

သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်း တစ်ပြိုင်တည်း ကောက်ယူနေစဉ်တွင်လည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူများအနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေသည့် စာရင်းစစ်၊ စာရင်းကောက်များ၏ နည်းပညာပိုင်းနှင့် ဘာသာရပ် ပိုင်းဆိုင်ရာ အခက်အခဲများကိုချက်ချင်း ကူညီဖြေရှင်း ပေးနိုင်ရေး ပြင်ဆင်ထားရန်လိုကြောင်း၊ အထူးသဖြင့် CAPI နည်းပညာနှင့် Mobile Tablet များကို အသုံးပြုဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အင်တာနက်နှင့် နည်းပညာ အခက်အခဲကို  အချိန်နှင့် တစ်ပြေးညီ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်ထားကြရန် မှာကြားလိုကြောင်း။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် အချိန်ကာလအားဖြင့် ၂၄ ရက်သာ ကျန်ရှိကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရမည့် ကာလကို (၁၅)ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအရ ရက်တိုးမြှင့် ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများက တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “သန်းခေါင် စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ အတတ်နိုင်ဆုံး ရသည့်နေရာများတွင် သတ်မှတ်ချက်အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့်နေရာ များတွင် လုံခြုံရေးများ ထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန်ရသမျှ ကောက်ယူရန်” ဟုလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန် ချက်ကို လိုက်နာဆောင်ရွက်ရန်နှင့် ရှေ့ပြေးစာရင်းထုတ်ပြန်မည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီ ရနိုင်သမျှအပြီး ကောက်ယူရန် မှာကြားလိုကြောင်း။

သန်း‌ခေါင်စာရင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကလည်း မဖြစ်မနေ လိုအပ်ခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ များအရ မြေပြင်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းကြီးကို စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လွှမ်းခြုံနိုင်ရန်၊ တစ်ယောက်မကျန် စာရင်းကောက်ယူနိုင်ရန်၊ မေးမြန်းသမျှအပေါ်တွင်လည်း မှန်ကန်စွာ ဖြေကြားကြရန်နှင့် လိုအပ်သည့် ကိန်းဂဏန်း အချက်အလက်များရရှိစေရန် ပါဝင်ဆောင်ရွက်ကြ မည့် တာဝန်ရှိသူများ၊ ပြည်သူများအနေဖြင့် ကြုံတွေ့ရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ယူထားသည့် ကာလ အတွင်းတွင် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်စိတ်နှင့် အခက်အခဲတိုင်းကို မဖြစ်မနေ ဖြတ်သန်းကျော်လွှားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြိုတင်မျှော်တွေး နိုင်မှု၊ ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်း အဖြေရှာမှုများနှင့်ပင် ပြဿနာကို ကျော်လွှားသွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် တိကျမှန်ကန်သည့် သန်းခေါင်စာရင်း ရလဒ်များသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။

ပြီးခဲ့သည့်ကာလများအထိ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်အများစုသည် သန်းခေါင် စာရင်းလုပ်ငန်းကြီးကို တာဝန်ခံဆောင်ရွက်ရမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍ရသည့် လုပ်ငန်းများဖြစ်ကြောင်း၊ သို့သော် ရှေ့ဆက် ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းအများစုသည် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများ၊ ဌာနဆိုင်ရာများနှင့်သာမက လူမှုအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုအတွင်း ကွင်းဆင်းထိတွေ့ဆောင်ရွက်ရမည့် မြေပြင်လုပ်ငန်းများက ပိုမိုများပြားလာခြင်းကြောင့် အားလုံးပါဝင်ကူညီ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှုများသည် ပိုမို အရေးကြီးသည်ကို ပြောကြားလိုကြောင်း။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် ရက်ပိုင်း သာလိုပြီး လုပ်ငန်းကြီးသည် ငွေအင်အား၊ လူအင်အား၊ ကျွမ်းကျင်မှုအားများ လိုအပ်သကဲ့သို့ စေတနာအား၊ စိတ်ဓာတ်ခွန်အားများလည်းလိုအပ်ကြောင်း၊ ယခုဆောင် ရွက်မည့်လုပ်ငန်းသည် နိုင်ငံတကာ အကူအညီမပါဘဲ မိမိတို့၏ ကိုယ်ပိုင်အင်အားနှင့် စွမ်းဆောင်ခဲ့သည့် သမိုင်းမှတ်တိုင် တစ်ခုအနေဖြင့် မှတ်ကျောက်တင်နိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း လက်တွဲဆောင်ရွက် ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ထား ရှိမှု၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အထောက်အကူပြုပစ္စည်းများ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဝေထားရှိမှု၊ ပင်မသန်းခေါင်းစာရင်း မကောက်ယူမီ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခဲ့မှု၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်အပ်ထားရှိမှု၊ နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့မှု၊ သန်းခေါင်စာရင်းအကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးဆောင်ရွက်နေမှုနှင့် သန်းခေါင်းစာရင်းကောက်ယူ သွားမည့် နယ်မြေအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး(၁)နှင့် အဖွဲ့ဝင် ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ များ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် များက ၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက်  လုပ်ငန်း ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့်ဗဟိုသန်းခေါင်းစာရင်းကော်မရှင်မှ ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ 

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)