မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲကျင်းပ


တာမွေ  ၊    စက်တင်ဘာ      ၄

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်းအလုပ်အမှုဆောင် ကြက်ခြေနီတပ်ဖွဲ့မှူးချုပ် (တာဝန်) ဦးကျော်မိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက မေတ္တာစံအိမ်ရှိ သင်တန်းသားများ အတွက် ပါးစပ်/နှာခေါင်းစည်း(Mask)များနှင့် ဓာတ်ဆားထုပ်များအား ပေးအပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာကြ သူများသည် သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

 “ ရန်ကုန်တိုင်းကြက်ခြေနီအသင်း၏ စီမံမှုနှင့် ကျွန်တော်တို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး အသင်း(မြန်မာ) ဗဟိုတို့ ပူးပေါင်းပြီးတော့ အခြေခံရှေးဦးသူနာပြုကြက်ခြေနီပြုစုနည်းသင်တန်းလေးကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ဒီလိုသင်တန်းဖွင့်လှစ်တဲ့အတွက်  ဒီမှာရှိတဲ့ သင်တန်းသားတွေအနေနဲ့ အကျိုးကျေးဇူးများစွာ ရရှိပါ တယ်။ ဒီသင်တန်းမှာရှိတဲ့ သင်တန်းသားတွေဟာ မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူနေတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ပြုလုပ်ပေးဖို့ ရောက်ရှိနေတဲ့ သင်တန်းသားတွေဖြစ်ပါတယ်။ တစ်ခါက ကျွန်တော်တို့ သင်တန်းမှာ ဆေးလာကုတဲ့ကလေး ဆေးကုပြီးပြန်သွားတဲ့အခါမှာ အပေါင်းအသင်းတွေနဲ့တွေ့ပြီး အရင်လို မူးယစ် ဆေး ပြန်သုံးစွဲရာကနေ အလွန်အကျွံဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ ဒီလိုဖြစ်သွားတဲ့ဟာက ကျန်းမာရေးအသိမရှိလို့၊ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုကိုင်ရမလဲ၊ ဒီအပေါ်မှာ ပြုပြင်နိုင်ဖို့ ၊ ထိန်းသိမ်းနိုင်ဖို့ အသိမရှိတော့တဲ့အတွက် ဒီသင်တန်းသားတွေကို ယခုလိုသင်တန်းဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာပါ။ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမိတဲ့အတွက် ဖြစ်ပေါ် လာနိုင်တဲ့ ဘေးဥပါဒ်အန္တရာယ်တွေ၊ စိတ်ကြွရူးသွပ်ဆေးပြားများကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှု တွေကို သင်တန်းသားတွေကိုယ်တိုင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေအနေနဲ့ ရှေးဦးပြုစုနည်းဘာသာရပ်နှင့် လက်တွေ့ရော၊ စာတွေ့ပါ သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့မြို့ရွာ အသီးသီးကို ပြန်ရောက်သွားရင်လည်း ဒီသင်တန်းက သင်ကြားပို့ချပေးလိုက်တဲ့ ရှေးဦးပြုစုနည်းတွေကို  ပြန်လည် မျှဝေပေးခြင်းဖြင့် သူတို့အတွက်ရော၊ ကျွန်တော်တို့အတွက်ရော၊ ပြည်သူအားလုံးအတွက် ထိရောက်အောင်မြင်မှုရှိတဲ့ သင်တန်းလို့ ပြောချင်ပါတယ် ” ဟု မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်ကပြောသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးထားသည့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများနှင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး အဆိုပါအသင်းအနေဖြင့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာများ ဖွံဖြိုးတိုးတက် မှုရရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာရှင် ၊ အတတ်ပညာရှင် ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများကို စဉ်ဆတ်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုဖွင့်လှစ် သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင်လည်း မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ်သင်တန်းသားများအား အခြေခံ ရှေးဦးပြုစုနည်းဆိုင်ရာများကို စာတွေ့၊လက်တွေ့ဖြင့် ၂၀၂၄-ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)