ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ







ရန်ကုန်၊ စက်တင်ဘာ ၉

၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများအား အဆို၊ အက၊ အရေး၊ အတီး အနုပညာရှင်များက “ငွေရတုတိုင်၊ ရွှေဆုပိုင်သည့်၊ တိုင်းရန်ကုန်” ဂုဏ်ပြုတေးသီချင်းဖြင့်လည်းကောင်း၊ စင်တော်ပြိုင်အက (ရုပ်သေးနှင့် လူနှစ်ပါးသွားအက) ဖြင့်လည်းကောင်း၊ အင်းဝခေတ်ယိမ်းအကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များ၊ ပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးကြမည့် ဒိုင်အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲများကို ဝါသနာရှင်(ပထမတန်းအဆင့်)နှင့် (ဒုတိယတန်းအဆင့်)ဟူ၍ ကျင်းပပြုလုပ်ခဲ့ရာ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ မင်းသား/မင်းသမီးအက၊ ရုပ်သေးကြိုးဆွဲအက၊ ကွက်စိပ်အက၊ တေးသီချင်းများရေးသားခြင်း၊ စောင်း/ စန္ဒယား/ ပတ္တလား/ တယော/ မယ်ဒလင်/ ဂီတာ/ ဒုံမင်းတီးခတ်ခြင်း၊ နှဲ/ ပလွေ တီးမှုတ်ခြင်း၊ ဆိုင်းတစ်ဦးချင်း/ ဆိုင်းအဖွဲ့လိုက်တီးခတ်ခြင်း၊ အိုးစည်အဖွဲ့လိုက် တီးခတ်ခြင်း၊ ဒိုးပတ်အဖွဲ့လိုက် တီးခတ်ခြင်း စသည်ဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ဝါသနာရှင်ပြိုင်ပွဲဝင်ပေါင်း(၃၁၀)ဦး အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၄-ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့မှ (၁၀) ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်နိုင်စေရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး စသည့်ဦးတည်ချက်များဖြင့် အဆိုပါမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)