ကချင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အမှတ်စဉ်(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အမှတ်စဉ်(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



မြစ်ကြီးနား၊ စက်တင်ဘာ ၄

ကချင်ပြည်နယ်‌ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်နိုင်ရေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းလိုင်စင်သစ်များ ခွင့်ပြုပေးနိုင်ရေးနှင့် ရှေ့လုပ်ငန်းအဖြစ် ခရီးစဉ်ဒေသသစ်များအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်သွားရမည့် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ ထို့အပြင် ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီအသစ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ဝန်ဆောင်မှုအရည်အသွေးများ အဆင့်အတန်းမီစွာ ပေးအပ်နိုင်ရေး၊ ဒေသတွင်း ခရီးစဉ်သစ်များ ဖော်ဆောင်ရာတွင် ခရီးစဉ်ဒေသ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာဆန်းစစ်ကာ အားလုံးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ယခင်အစည်းအဝေးများမှ ဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးက အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုင်စင် သက်တမ်းတိုး လျှောက်ထား လာမှု/ လုပ်ငန်းအသစ်များ လျှောက်ထားတင်ပြလာမှု အခြေအနေများကိုတင်ပြရာ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဟိုတယ်/ တည်းခိုရိပ်သာ(၄)ခု လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားလာမှုအပေါ်ဆောင်ရွက်ပြီးစီးမှုကို ဆွေးနွေးအတည်ပြုခဲ့ခြင်း၊ ဟိုတယ်လုပ်ငန်းလိုင်စင်သစ် (၅) ခုနှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်သစ် (၃)ခု၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်းလိုင်စင်သစ် လျှောက်ထားမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးအတည်ပြုခဲ့ကြပြီး ပူတာအိုဒေသ ရေခဲတောင်တက်ခရီးစဉ်ဖြစ်သည့် ဇီယာဒမ်းကျေးရွာခရီးစဉ် ပြန်လည်ခွင့်ပြုနိုင်ရေး အပါအဝင် ရှေ့လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် သဘာဝကိုအခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာစေရေးအတွက် စီမံဆောင်ရွက်ရာတွင် အားလုံးက ဝိုင်းဝန်းကြိုးစားကြရေး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်သစ် (၇၈) လုံးနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ စုစုပေါင်း (၆၄) ခုကို ခွင့်ပြုပေးထားနိုင်ခဲ့ကြောင်း ကော်မတီထံမှ သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် (၇) နာရီခွဲက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ဘုရင့်နောင်လမ်းနှင့် သခင်နက်ဖေလမ်းဆုံနေရာမှ ဘုရင့်နောင်လမ်းမတစ် လျှောက်နှင့် မဂ္ဂင်လမ်းသွယ်တို့ရှိ လမ်းဘေးဝဲ/ယာတို့တွင် အမှိုက်များကောက်ယူခြင်း၊ သစ်ကိုင်းများ ခုတ်ထွင်ပေးခြင်း၊ ခြုံနွယ်နှင့် မြက်ရိတ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)