ဒုတိယဝန်ကြီး ဦးဝင်းဖေ မိတ္ထီလာ-မန္တလေးလမ်းတစ်လျှောက် သစ်ပင်များစိုက်ပျိုးနေမှုနှင့် တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းဖေ မိတ္ထီလာ-မန္တလေးလမ်းတစ်လျှောက် သစ်ပင်များစိုက်ပျိုးနေမှုနှင့် တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ စက်တင်ဘာ ၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့က မိတ္ထီလာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဝန်ထမ်းရေးရာကိစ္စများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ အင်ဂျင်နီယာချုပ် ဦးကျော်မျိုးထွဋ်က လမ်းဘေးဝဲ/ယာသစ်ပင်များ စိုက်ပျိုးရာတွင် သတ်မှတ်ပုံစံအတိုင်း စိုက်ပျိုးရန်နှင့် ဆေးလိုင်းရေးဆွဲခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့်သတ်မှတ်ချက်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့်လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် B.O.T ကုမ္ပဏီများဖြစ်ကြသည့် သော်တာဝင်းကုမ္ပဏီ၊ ယုဇနကုမ္ပဏီ၊ Oriental Highway ကုမ္ပဏီတို့နှင့်တွေ့ဆုံ၍ လမ်းဘေးဝဲ/ယာ စိုက်ပျိုးထားသည့် သစ်ပင်များအကြား ကွက်လပ်ဖြစ်နေသည့်နေရာများ၌ မိုးတွင်းကာလတွင် ပျိုးပင်ကြီးများအပြီး အစားထိုးပြန်လည်စိုက်ပျိုးသွားရန်၊ မိုးရာသီကုန်ဆုံးပါက လမ်းပေါက်များ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်၊ လမ်းပခုံးပျက်သောနေရာများတွင် မြေနီကျောက်စရစ်ခင်း၍ ဆောင်ရွက်ရန်၊ B.O.T လမ်းများကို နှစ်အလိုက်စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် လမ်းပေါ်၌ ဆေးလိုင်းများရေးဆွဲရာတွင် ညွှန်ကြားချက်ပါအတိုင်း အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် မိတ္ထီလာမြို့တွင်းလမ်း မိုင်တိုင်အမှတ်(၁၃/၆ နှင့် ၁၃/၇)ကြား လမ်းအမှတ်အသား ဆေးလိုင်းရေးဆွဲခြင်းကိုလည်းကောင်း၊ မြစ်သားနှင့် ကျောက်ဆည်အကြား မိုင်တိုင်အမှတ် (၃၆၃/၃ နှင့် ၃၆၃/၄) အကြားတွင် ပေ ၉၀ မြေသားတာပေါင် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျောက်ဆည်မြို့ရှောင်လမ်းတွင် လမ်းဘေးဝဲ/ယာသစ်ပင်စိုက်ပျိုးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်မြို့ရှောင်လမ်း သော်တာဝင်းကုမ္ပဏီလမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သော်တာဝင်းကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် ဘယ်လင်း-ရွှေစာရံ-အုန်းချောလမ်းအသုံးပြုခကောက်ခံမည့် တိုးလ်ဂိတ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)