ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက ဒေသ၏လူမှုစီးပွားဘဝအထောက်အကူပြုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက ဒေသ၏လူမှုစီးပွားဘဝအထောက်အကူပြုမည်


နေပြည်တော်၊ စက်တင်ဘာ ၁၁

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး‌က မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သဘာဝအလှအပများ၊ သာယာလှပသည့်ကမ်းခြေများ၊ ဒီရေတောများ၊ တိုင်းရင်းသားပြည်သူများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ဒေသထွက်အစားအသောက်များနှင့် ဒေသထွက်ကုန်ပစ္စည်းများ စသည့်ခရီးသွားဆွဲဆောင်မှုများစွာရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ယခုဖိုရမ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးရေးအစီအစဉ်များ၊ ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ၊ ခရီးသွားဧည့်သည်များ သွားလာလည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပြီး ရရှိလာမည့်ရလဒ်များကိုအခြေခံ၍ ကာလတိုကာလရှည် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကျင်းပရခြင်း ရည်ရွယ်ချက်၊ တိုင်းဒေသကြီးအတွင်း ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပခရီးသည်ဝင်ရောက်မှုအခြေအနေ၊ ခရီးစဉ်အသစ်များ ဖော်ထုတ်ဆောင်ရွက်နေမှုနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း (ကန်ကြီးထောင့်မြို့နယ်) မှ ဖျော်ဖြေရေးအဖွဲ့က ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့က ၂၀၂၄ ခုနှစ်အတွက် အာဆီယံသန့်ရှင်းသော မြို့တော်များ ခရီးသွားလုပ်ငန်းမြို့ ဆုတံဆိပ်ကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် ဆုငွေများကိုလည်းကောင်း၊ ဖိုရမ်သို့ လာရောက်ဆွေးနွေးပြောကြားပေးကြသည့် ကျွမ်းကျင်ပညာရှင်များအား ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ၊ ခင်းကျင်းပြသထားသည့် ဒေသထွက်လက်မှုပစ္စည်းများနှင့် ဒေသထွက်အစားအစာများအား လှည့်လည်ကြည့်ရှုသည်။

အဆိုပါဖိုရမ်တွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက ခရီးစဉ်ဒေသစီမံခန့်ခွဲ ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဒေသခံပြည်သူများ လူမှုအကျိုးစီးပွားတိုးတက်ရေး၊ ကမ်းခြေခရီးသွားလုပ်ငန်းများပွင့်လင်းရာသီအမီ ကြိုတင်ပြင်ဆင်မှုများ၊ ခရီးစဉ်ဒေသများ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရိုးရာယဉ်ကျေးမှုပွဲတော်၊ ဘုရားပွဲတော်များနှင့် ခရီးသွားလုပ်ငန်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး စသည့်ခေါင်းစဉ် ငါးခုဖြင့် အဖွဲ့ငါးဖွဲ့ခွဲ၍ စကားဝိုင်းဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူထားသော ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်၍ နှစ်ပေါင်း (၁၅၂) နှစ် သက်တမ်းရှိပြီး ရှေးဟောင်းအဆောက်အဦအဖြစ် သတ်မှတ်ထားသည့် ကာတိုလိပ်စ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းကိုလည်းကောင်း၊ ခရီးသည်များအပန်းဖြေလည်ပတ်နိုင် ရန်ပြုလုပ်ထားသည့် ငဝန်မြစ်ကမ်းဘေးအနားယူ အပန်းဖြေနေရာနှင့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကန်သုံးဆင့်ပန်းခြံအဆင့်မြှင့်တင် ဆောင်ရွက်နေသည့် စီမံကိန်းနေရာသို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)