မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ သဘောတူညီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ သဘောတူညီ



စိန့်ပီတာစဘတ်၊ စက်တင်ဘာ ၁၁ 

ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ဆောင်၍ နှစ်နိုင်ငံဆက်ဆံရေး၏ မဟာဗျူဟာမြောက် အနှစ်သာရ ကြွယ်ဝတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း စက်တင်ဘာ ၁၀ ရက်က စိန့်ပီတာစဘတ်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရွှိုင်ဂူနှင့် တွေ့ဆုံစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်က ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးသေးသည့် အပြောင်းအလဲများနှင့် ကြုံတွေ့နေရသော်ငြားလည်း အဓိကအားဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ပဲ့ကိုင်လမ်းညွှန်မှုကြောင့် တရုတ်-ရုရှား ဆက်ဆံရေးသည် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

တရုတ်-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့် စမှတ်အသစ်အား အခြေပြုလျက် ယခုနှစ်အတွင်း နှစ်နိုင်ငံအနေဖြင့် ရာထူးအဆင့်အသီးသီး၌ အပြန်အလှန် ဆွေးနွေးဖလှယ်မှုများကို ထိန်းသိမ်းကာ နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် အရေးပါသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ပြီး တရုတ်-ရုရှား ထာဝရ အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၏ နိုင်ငံရေးနှင့် လူမှုရေး အခြေခံအုတ်မြစ်၊ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံစလုံးအတွက် အကျိုးရလဒ်များ ထွက်ပေါ်စေမည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ ခိုင်မာအောင် တည်ဆောက်ခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို အခိုင်အမာတည်ဆောက်ရန်၊ တရုတ်-ရုရှား လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းရေးယန္တရားနှင့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးယန္တရားတို့၏ အခန်းကဏ္ဍကို အပြည့်အဝဖော်ဆောင်ရန်၊ တရုတ်-ရုရှား ဆက်ဆံရေး၏ မဟာဗျူဟာမြောက် အနှစ်သာရကို စဉ်ဆက်မပြတ် ကြွယ်ဝတိုးတက်အောင်လုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံက BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေမှုအပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးလျက် BRICS အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခိုင်မာစေရေး၊ BRICS ယန္တရားအား ထွန်းသစ်စ အင်အားစုများ၏ သဘောထားများကို ထင်ဟပ်ကြားယောင်စေသည့် အဓိက ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု အဖြစ်လည်းကောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော စင်မြင့်တစ်ခုအဖြစ်လည်းကောင်း ပုံဖော်ရေးနှင့် BRICS+ ပူးပေါင်းဆောင်ရွက်မှု၏ အခြေအနေသစ်များကို စဉ်ဆက်မပြတ် လမ်းဖွင့်ပေးရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်းလည်း ဝမ်ရိက ပြောကြားခဲ့သည်။

ရွှိုင်ဂူက ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးဖလှယ်မှုများနှင့် နယ်ပယ်အသီးသီး၌ အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများက နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ အဆင့်အတန်းမြင့်မားမှုကို မီးမောင်းထိုးပြနေသည်ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ BRICS အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှုအား တရုတ်နိုင်ငံ၏ ထောက်ခံမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ် ညှိနှိုင်းလုပ်ဆောင်ရေး၊ လာမည့်အောက်တိုဘာလအတွင်း ကာဇန်မြို့၌ ကျင်းပမည့် BRICS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး အောင်မြင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားရန် ရုရှားနိုင်ငံက ဆန္ဒရှိကြောင်း ရွှိုင်ဂူက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထောက်ခံအားပေးကာ လက်တွေ့ကျင့်သုံးရန် နှစ်ဖက်လုံးက ကတိကဝတ်ပြုခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အား ပိုမိုထိရောက်လက်တွေ့ကျ၍ ပေါင်းစည်းညီညွတ်စေရန်၊ မတည်ငြိမ်မှုများဖြင့် ရှုပ်ထွေးနေသော ကမ္ဘာကြီးအား ပိုမိုတည်ငြိမ်စေရေးအတွက် အားသစ်လောင်းပေးရန် ကြိုးပမ်းလျက် SCO အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအား ထောက်ခံအားပေးကြောင်း ရုရှားနိုင်ငံက အလေးအနက်ပြောကြားခဲ့သည်။

ထို့အပြင် နှစ်ဖက်လုံးက ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှိုင်ဂူက ရုရှား၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ကာ တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့က ပူးတွဲအဆိုပြုထားသည့် ဘုံသဘောတူညီချက် ၆ ရပ်အား ကြိုဆိုကြောင်း၊ အဆိုပါ ဘုံသဘောတူညီချက်အား နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။


Ref - (ဆင်ဟွာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)