မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်




မကွေး ၊ စက်တင်ဘာ ၁၈


၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုးချဲ့ကောက်ယူမည့်မြို့နယ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်  ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ၊ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်စခန်း ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်/ မြို့နယ် သန်းခေါင်စာရင်းကော်မတီများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို (၁.၁၀.၂၀၂၄) မှ (၁၅.၁၀.၂၀၂၄)ထိ နေ့များတွင် မြို့နယ်(၁၇)မြို့နယ်မှ ရပ်ကွက်(၁၃၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၄၆)အုပ်စုတွင် ကောက်ယူမှာဖြစ်ပြီး၊ ယခုဆို(၁၂)ရက်သာ လိုတော့ကြောင်း၊ ၎င်း (၁၇) မြို့နယ်တွင် ကောက်ယူရန်ကျန်ရှိနေသည့် ကျေးရွာအုပ်စု (၂၅၉) အုပ်စု ကျန်ရှိနေသည့်အတွက် အဆိုပါကျေးရွာအုပ်စုများကိုလည်း ထပ်မံတိုးချဲ့ကောက်ယူရန်လိုအပ်ပါကြောင်း၊ ဒါ့အပြင် မကောက်ယူနိုင်သည့် ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ရှိမြို့နယ်များတွင်လည်း မြို့ပေါ်ရပ်ကွက်များကို စာရင်းကောက်ယူရန်နှင့် ထပ်မံတိုးချဲ့ကောက်ယူနိုင်သည့်ဒေသများမှာ လုံခြုံရေးတိုးမြှင့်ချထားပြီး တိုးချဲ့ကောက်ယူရန်၊ စာရင်းကောက်ကာလတိုးမြှင့်၍ ကောက်ယူနိုင်မှုအခြေအနေ တိုးမြင့်လာရန်ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ မူလစီစဉ်ထားသည့် ကောက်ကွက်များတွင် ထပ်မံ၍ တိုးချဲ့ကောက်ယူရန်နှင့် ယခင်မကောက်ယူနိုင်သည့် ပခုက္ကူနှင့်ဂန့်ဂေါခရိုင် (၂) ခရိုင်မှ မြို့နယ်များအား မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် တိုးချဲ့ ကောက်ယူနိုင်ရန် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများအနေဖြင့်မိမိတို့ ဒေသအတွင်း နည်းလမ်းများရှာကြံဆောင်ရွက်ခြင်း၊ ပြောင်းလဲလာမည့် အခြေအနေများအပေါ်တွင် စဉ်ဆက်မပြတ်လေ့လာ၍ သန်းခေါင်စာရင်းတိုးမြှင့်ကောက်ယူနိုင်ရေးအတွက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူသည့် အချိန်ကာလများတွင်လည်း ဒေသခံသက်ဆိုင်သည့် ရပ်ကွက်/ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များအနေဖြင့် စာရင်းစစ်/စာရင်းကောက်များ နေ့စဉ်စာရင်းကောက်မည့် အိမ်ထောင်စုများနှင့် ကြိုတင်ဆက်သွယ်ချိန်းဆိုခြင်း၊ သန်းခေါင်စာရင်းကောက်ယူရာမှာလည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက မိမိတို့ရပ်ကွက်၊ ကျေးရွာအတွင်းလိုက်ပါ၍ လိုအပ်သလိုအကူအညီပေးခြင်း၊ လုံခြုံရေးကိစ္စများ ပေါင်းစပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များတွင် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် တာဝန်ပေးအပ်ခြင်းခံကြရသူများပီပီ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြံဆဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ သို့မှသာမကွေးတိုင်းဒေသကြီး၏ အနာဂတ်အတွက်လိုအပ်သော ဒေသဆိုင်ရာအချက်အလက်ကောင်းများ ရရှိနိုင်မည်ဖြစ်သည်ကို သတိပြုဖို့လိုကြောင်း၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်မှာကြားခဲ့သလို ယခုဆောင်ရွက်ကြမည့်လုပ်ငန်းစဉ်သည် အခက်အခဲများကြားတွင် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သလို လုပ်ငန်းအောင်မြင်မှု အတိုင်းအတာသည်လည်း သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ စီမံခန့်ခွဲမှုစွမ်းရည်ပေါ်တွင် များစွာမှီတည်နေသည့်အတွက် မိမိတို့ဒေသအတွင်းမှာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အားစိုက်ကြိုးစားကြဖို့နဲ့ လိုအပ်ချက်များကိုလည်း စနစ်တကျဆွေးနွေးတင်ပြကြဖို့ မှာကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနဲ့အညီ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာသန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်အနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကျေပွန်စေရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်းက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး၊ တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်အလိုက် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကာ၊ တက်ရောက်လာသူများမှ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အထွေထွေဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။


ယင်းနောက် မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ၊ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)