တာမွေမြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး

 


တာမွေ      ၊   စက်တင်ဘာ       ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်၊ သင်္ဃန်းကျွန်းခရိုင် ပညာရေးမှူး ဒေါ်စုစုခင်၊ တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ် သည့် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများ၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုပြခန်းများ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများ၏ ထူးချွန်ဆုရ စာစီစာကုံးစာမူများနှင့် ပန်းချီလက်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ၏ လူငယ်စကားဝိုင်းဆွေးနွေးနေမှု၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ စသည့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ်အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။


ဆက်လက်ပြီး တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူလေးများက “ ပညာ ဘဏ်တိုက် စာကြည့်တိုက် ” သီချင်းဖြင့်လည်းကောင်း၊ “ ဘက်စုံပညာကိုရည် တို့လှမ်းချီ ” သီချင်းဖြင့်လည်းကောင်း ကပြ သီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ မြန်မာ နိုင်ငံဟာ ၁၁ ရာစုကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာတော်နဲ့အတူ ပိဋကတ်စာပေကို အခြေပြုတဲ့ မြန်မာစာပေ ထွန်းကားခဲ့တဲ့ နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာစာပေက သမိုင်းကြောင်းတစ်လျှောက်မှာ ခေတ်ကိုထင်ဟပ်စေခဲ့ပြီး မြန်မာတို့ရဲ့ စည်းလုံးညီညွှတ်မှု၊ မျိုးဆက်သစ်လူငယ်တွေရဲ့ အားမာန်ပြည့်ဝမှု၊ ဇာတိမာန်လှုံ့ဆော်မှု၊ အမျိုးဘာသာ သာသနာ အလေးထားမှု၊ နိုင်ငံနဲ့လူမျိုးအား ချစ်မြတ်နိုးမှုကို အားပေးမြှင့်တင်ပေးခဲ့ပါကြောင်း၊ ရှေးဘုရင်မင်းများလက်ထက်မှာလည်း ဘုန်းတော်ကြီးသင် စာပေသင်ကြား ပေးတဲ့ အကျိုးကျေးဇူးကြောင့် ကျေးလက်နေပြည်သူများပါမကျန် စာတတ်မြောက်မှုနှုန်း ၈၅ ရာခိုင်နှုန်းအထိ မြင့်မားခဲ့တယ်လို့ သိရှိရပါကြောင်း၊ ဒါပေမယ့် ကိုလိုနီနယ်ချဲ့လက်အောက် သူ့ကျွန်ဘဝကျရောက်တာနဲ့ မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ အဘက်ဘက်က နိမ့်ကျချို့ယွင်းခဲ့ပြီး ပြည်သူတွေရဲ့ စာတတ်မြောက်မှုနှုန်းက ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါ ကြောင်း၊ သို့သော်လည်း နိုင်ငံ့အနေနဲ့ သူ့ကျွန်ဘဝ ရောက်နေဆဲမှာပဲ ပြည်သူတွေ စာပေလေ့လာဖတ်ရှုမှု တိုးပွားရေးကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တာကို မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ခေတ်အဆက်ဆက် ပြည်သူတွေ စာပေလေ့လာ ဖတ်ရှုကြဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ယနေ့ကာလမှာတော့ သတင်းအချက်အလက် နည်းပညာတွေ တိုးတက်လာတာ နဲ့အမျှ ပြည်သူတွေရဲ့ စာဖတ်တဲ့အလေ့အထကလည်း လျော့ပါးလာတာကို သတိပြုမိကြပါလိမ့်မယ်ဖြစ်ပါကြောင်း၊ နည်းပညာ သတင်းအချက်အလက်တွေ တိုးတက်မှုနဲ့အတူ စာပေရဲ့တန်ဖိုး၊ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိမြင်နားလည်ဖို့အတွက် စာကြည့်တိုက်များဖွံ့ဖြိုးရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးကို တစ်နိုင်ငံလုံးမှာ အကြိမ်ပေါင်း ၁၀၀ ဆောင်ရွက်ဖို့ လျာထား ဆောင်ရွက်နေကြပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာလည်း ၂၀၂၄ ခုနှစ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ၁၄ ကြိမ် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကတော့ ၇ ကြိမ်မြောက် အခမ်း အနားပဲ ဖြစ်ပါကြောင်း၊  ဒီလို စာကြည့်တိုက်များဖွံ့ဖြိုးရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွေကနေတစ်ဆင့် စာပေဖတ်ရှုလေ့လာတဲ့ အလေ့အထတွေ ပြန်လည်ထွန်းကားလာမှ စာကြည့်တိုက်တွေဖွံ့ဖြိုးလာမှာ ဖြစ်ပါကြောင်း၊ စာကြည့်တိုက် တွေ ဖွံ့ဖြိုးပြီး စာဖတ်ရှိန်မြင့်မားလာမှ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတတွေ တိုးတက်ရရှိပြီး လူမှုပတ်ဝန်းကျင်နဲ့ နိုင်ငံကို အကျိုးပြုစေမှာ ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းကစာဖတ်သူအတွက် အသိပညာကျယ်ပြန့်စေရုံသာမက စိတ်နှလုံးကိုလည်း သိမ်မွေ့စေပြီး တွေးတောဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို မြင့်မားစေနိုင်တာနဲ့အမျှ ကောင်းမှုနဲ့ မကောင်းမှု၊ အမှန်နဲ့ အမှားတွေကို ခွဲခြားသိမြင်နိုင်မှာဖြစ်ပါကြောင်း၊ ဗဟုသုတကြွယ်ဝစေရုံသာမက စကားလုံး ဝေါဟာရတွေလည်း တိုးပွားစေပြီး  စကားပြောဆို ရာမှာလည်း လိမ္မာပြေပြစ်စွာ၊ ပညာသားပါပါ၊ ချိုချိုသာသာ ပြောဆိုနိုင်စွမ်းရှိမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ကျောင်းသား/ ကျောင်းသူ လူငယ်မောင်မယ်တွေရဲ့ ငယ်စဉ်ကတည်းက စာဖတ်တဲ့ အလေ့အကျင့်ကောင်းကို စွဲမြဲသွားမယ်ဆိုရင် ကျန်တဲ့ဘဝ တစ်လျှောက်လုံးမှာ တစိုက်မတ်မတ် စာကို ဖတ်ရှုလေ့လာကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ စာမတတ်လျှင် အကန်းနဲ့တူပြီး၊ စာတတ်ပြီး စာမဖတ်လျှင် မတိုးတက်သူ ဖြစ်ပါလိမ့်မည်ဖြစ်ပါကြောင်း၊ စာလည်းတတ်၊ စာလည်းဖတ်မယ်ဆိုရင် အနာဂတ် ခရီးလမ်းကို ဖြောင့်ဖြောင့်မှန်မှန် တိုးတက်အောင် လျှောက်လှမ်းနိုင်သူဖြစ်မှာ မလွဲဧကန် ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်မောင်မယ်များအနေနဲ့ စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ်ပညာ ပြည့်ဝစွာနဲ့ အနာဂတ် ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ” စသည်ဖြင့် ပြောကြားခဲ့သည်။


ဆက်လက်ပြီး တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်စုစုမော်တို့က လက်ခံရယူခဲ့ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များက အလှူငွေ များနှင့် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့သည်။ 


ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက “ စာဖတ်ခြင်း၏ အကျိုး ကျေးဇူး " ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာများကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက  ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့သည်။ ယင်း နောက် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက " မြန်မာ့ကျောင်း " သီချင်းဖြင့် လည်းကောင်း၊ “ I am Gonna Read a Book Today ” အင်္ဂလိပ်သီချင်းဖြင့်လည်းကောင်း၊ “ မင်းသားအက ” နှင့် “ ကဗျာလွတ်အက ” များဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ထူးချွန်ဆုများကိုလည်းကောင်း၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူလေးများအား ဂုဏ်ပြုလက်ဆောင်များကိုလည်း ကောင်း၊ ကပြဖျော်ဖြေခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။




နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)