စစ်ကိုင်းတိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



မုံရွာ၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခ ချုပ်နှင့် ဆရာ၊ ဆရာများ၊ အကဲဖြတ်အနုပညာရှင်ကြီးများနှင့် တိုင်းဒေသကြီးအတွင်းရှိ ပြိုင်ပွဲဝင် အနုပညာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့မြန်မာလူမျိုးများအနေဖြင့် အတိတ်က သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲဖြစ်ထွန်းလာသည့် ရိုးရာယဉ်ကျေးမှုများ အမျိုးဘာသာသာသနာရေးဆိုင်ရာများ၊ အနုသုခုမပညာရပ်များ၊ ဓလေ့ထုံးတမ်း အစဉ်အလာများသည် မိမိတို့၏ မြန်မာ့အမျိုးသားဟန်နှင့် အသွင်သဏ္ဍာန်အား ကိုယ်စားပြု နေသည့် အမျိုးသားရေးယဉ်ကျေးမှု စရိုက်လက္ခဏာများဖြစ်ပါကြောင်း၊ အမျိုးသားရေး ယဉ်ကျေးမှု စရိုက်လက္ခဏာများ ထာဝရဖွံ့ဖြိုးရှင်သန်နေရန် တစ်နည်းအားဖြင့် အမျိုးသား ယဉ်ကျေးမှုများ မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းထားခြင်းသည် နိုင်ငံသား တို့၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်မှု အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားမှု တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုများအား ပြသနိုင်ခြင်းဖြစ်ပါကြောင်း၊ ဝါရင့်သဘာရင့် အနုပညာရှင်ကြီးများ၏ နည်းစနစ် မှန်ကန်စွာဖြင့် သင်ကြားပေးမှုအား ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ယူမှုဖြင့် အကောင်းဆုံး  ရွှေတံဆိပ်ဆုရှင်များဖြစ်အောင် ကြိုးပမ်းအားထုတ်သွား ကြရန်လိုအပ်ပါ ကြောင်း၊ အကဲဖြတ်အမှတ်ပေး ရွေးချယ်ကြမည့် ဒိုင်လူကြီးများမှလည်း ဘက်လိုက်မှုကင်း ရှင်းစွာဖြင့် အမှန်တကယ် အရည်အချင်းပြည့်မီသည့် ပြိုင်ပွဲဝင်များကိုသာ မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊လုပ် ငန်းကော်မတီများနှင့် အထောက်အကူပြု  ကော်မတီဝင်များအားလုံးမှလည်း မိမိတို့အပေါ် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကျေပွန်အောင် ထမ်းဆောင်ပေးသွားကြရန် လိုအပ်ပါကြောင်း။ ခရိုင်အသီးသီးမှ လာရောက်စုပေါင်းနေထိုင် သွားလာကြမည်ဖြစ် သည့်အတွက် မိသားစုစိတ်ဓာတ်ဖြင့် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပေါင်းသင်းဆက်ဆံ နေထိုင်သွားလာကြရန်နှင့် ကျန်းမာရေးကိုလည်း အလေးထားဂရုပြုနေထိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် အနုပညာရှင် ပန်တျာ ဦးမြကြည်တို့က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ် သိန်း - ၃၅၀ ကျပ်အား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းထံ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း ကျင်းပလျက်ရှိသော (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ ရွှေဘို၊ စစ်ကိုင်း၊ မော်လိုက်၊ မုံရွာ၊ ရေဦး၊ ဟုမ္မလင်းခရိုင်များမှ အမျိုးသား/အမျိုး သမီး အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

အဆိုပါ (၂၅)ကြိမ်မြောက်  ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခရိုင်မှ ကျား ၅၄ ဦး၊ မ ၈၇ ဦး ပြိုင်ပွဲဝင်အနုပညာရှင် စုစု ပေါင်း ၁၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)