EV Charging Station စုစုပေါင်း ၃၁ နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

EV Charging Station စုစုပေါင်း ၃၁ နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်


နေပြည်တော်၊ စက်တင်ဘာ ၉

Yar Zar Min Industry co.,ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့် ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ (၃၅)လမ်းနှင့် ကမ်းနားလမ်းထောင့် (ဂေါဝိန်ဆိပ်)ရှိ ယင်းဓာတ်အားဖြည့်သွင်းရုံယာယီမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်သုံးယာဉ်များပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ညွှန်ကြားမှုဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မြေနေရာများကို ရွေးချယ်သတ်မှတ်လျာထားခဲ့ပြီး နေပြည်တော်တွင် ၆ နေရာ၊ ရန်ကုန်တွင် ၈ နေရာ၊ မန္တလေးတွင် ၈ နေရာနှင့် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ၉ နေရာ စုစုပေါင်း ၃၁ နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ယခု ဖွင့်လှစ်သည့် (၃၅)လမ်းနှင့် ကမ်းနားလမ်းထောင့်(ဂေါဝိန်ဆိပ်)နေရာ (EV Charging Station)သည် တစ်နိုင်ငံလုံးအနေဖြင့်အခု(၂၀)မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ (EV Charging Station)များတွင် ကားလေး ၁၀ စီးတစ်ပြိုင်နက်အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ (EV Charging Station) များတွင် ကားလေး ၁၀ စီးနှင့် ဘတ်စ်ကားလေးစီးတစ်ပြိုင်နက် အားသွင်းနိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တွင် ယခုလို(EV Charging Station)များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့များတွင်လည်း လျှပ်စစ်ကားများ အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Yar Zar Min Industry co.,ltd မှ တာဝန်ရှိသူတစ်ဦးက (EV Charging Station)တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမြို့တော်ဝန်နှင့် တာဝန်ရှိသူများက လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားဖြည့်သွင်းရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက Yar Zar Min EV-Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦးအထူးအဖွဲ့(၆)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်ကိုလည်းကောင်း၊ လမ်းအသုံးပြုခကောက်ခံလျက်ရှိသော တံခွန်တိုင်တိုးလ်ဂိတ်၊ အိုးထုတ္တန်းမီနီတိုးလ်ဂိတ်နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စကားအင်းတိုးလ်ဂိတ်နှင့် သီးကုန်းတိုးလ်ဂိတ်တို့ကို လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၄) ရှိ ယာဉ်ရပ်နားစခန်းအတွင်း၌ ရာဇာမင်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် EV Charging Station ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီလမ်းဆုံတိုးလ်ဂိတ်တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)