Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လူထုအသိပညာပေးရေးနှင့် စောင့်ကြပ်ကြည့်ရှုရေးစသည့်လုပ်ငန်းစဉ်များအတွက် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လူထုအသိပညာပေးရေးနှင့် စောင့်ကြပ်ကြည့်ရှုရေးစသည့်လုပ်ငန်းစဉ်များအတွက် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



မြစ်ကြီးနား၊ စက်တင်ဘာ ၆

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသော Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က mpox မျောက်ကျောက်ရောဂါကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပထမအကြိမ်ထုတ်ပြန်ကြေငြာခဲ့စဉ်ကတည်းက မြန်မာနိုင်ငံအတွင်းမှာလည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash) လုပ်ငန်းစဉ်အား နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံ များနှင့် ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ် အတွင်းမှာလည်း mpox (မျောက်ကျောက်) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ဖြစ်ပွားမှု မရှိ စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူလူထုအား ရောဂါကာကွယ်ရေး နည်းလမ်းများကို ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း၊ အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ပံ့ပိုးကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်က Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ စတင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ဖြစ်ပွားခဲ့မှုနှင့် သေဆုံးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ပြည်နယ်အတွင်း မျောက်ကျောက်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးအတွက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြစ်ကြီးနားကုတင်-၅၀၀ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က ပြည်သူ့ဆေးရုံကြီးအတွင်း လူနာများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကတို့က မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ဖြစ်ပွားတတ်သည့် အလေ့အထများ၊ ကြိုတင်ကာကွယ်ရေးနှင့် လူထုအသိပညာပေး လုပ်ငန်းဆောင်ရွက်ရမည့် နည်းလမ်းများကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သမားတော်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက သိလိုသည်များကိုပြန်လည်ရှင်းလင်းဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ သည်။

ထို့နောက် အဆိုပါခန်းမ၌ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ Mpox (မျောက်ကျောက်) ရောဂါကာကွယ် ရေး ပြည်နယ်အဆင့် အသိပညာပေးဟောပြောပွဲကို တစ်ဆက်တစ်စပ်တည်း ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းက အဖွဲ့ဝင်များ အား mpox ရောဂါအပါအဝင် ကျန်းမာ‌ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာများကို မိသားစုမှတစ်ဆင့်ပတ်ဝန်းကျင်တွင် ဟောပြောစည်းရုံးဆောင်ရွက်‌ရေး ပြောကြားပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်က မျောက်ကျောက်ရောဂါအကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့အား အသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)