စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲနှင့် ကျီကုန်းကျေးရွာ “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲနှင့် ကျီကုန်းကျေးရွာ “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ တက်ရောက်





မုံရွာ ၊ အောက်တိုဘာ ၂၂


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပပြုလုပ်သော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ်သာဆောင်တွင် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်စကားပြောကြားပြီး ကျောင်းအုပ်ကြီးထံ သင်တန်းသားများအတွက် ငွေကျပ်သိန်း ၅၀ အား ထောက်ပံ့ပေးအပ်ကာ သင်တန်းသားများနှင့်အတူတကွ နံနက်စာသုံးဆောင်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ သင်တန်းသား များအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကား ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာရှိ “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် ကလေးတပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးတို့က “ဘဝအလင်းတန်း” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဆက်လက်ပြီး “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိနိုင်ငံ၏ လူဦးရေ (၇၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်သည့်အတွက် ကျေးလက်ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ လူမှုကွန်ရက်မီဒီယာများသည် လူငယ်လူရွယ်များဘဝ လမ်းမှားရောက်ပြီး ဘဝတစ်ခုလုံးပျက်စီးသွားအောင် ဆောင်ရွက်နိုင်သကဲ့သို့ လူငယ်လူရွယ်များအား မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်ပြီး မိမိတို့ဘဝ တိုးတက်မြှင့်မားအောင် စွမ်းဆောင်နိုင်သည့် အရာလည်းဖြစ်ပါကြောင်း၊ စာကြည့်တိုက်အတွက် ရန်ပုံငွေများ၊ စာအုပ်စာပေများ၊ ပရိဘောဂပစ္စည်းများ ပြည့်စုံအောင် လုပ်ဆောင်နိုင်ရန် ဒေသအာဏာပိုင်များ၊ စာကြည့်တိုက်ကော်မတီများနှင့် ကျေးရွာသူ၊ကျေးရွာသား များ၏ စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှု၊ တက်ကြွမှုများဖြင့် စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များရရှိနိုင်ရန် လူနေမှုအဆောက်အအုံကြီးထဲတွင် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဖွင့်လှစ်ပေးလိုက်သည့် “ဘဝအလင်းတန်း” စာကြည့်တိုက်အား ထာဝစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ရှိသူအားလုံးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


အဆိုပါ “ဘဝအလင်းတန်း” စာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်များ ဖွံ့ဖြိုးတိုတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပံပိုးငွေ ကျပ်သိန်း(၁၅၀) ဖြင့်မတည်ကာ ဆောက်လုပ်ခဲ့ကြောင်းသိရှိရပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဘဝအလင်းတန်း” စာကြည့်တိုက်  ရေရှည်တည်တံ့ခိုင်မြဲရေး ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ သုတ/ ရသစာအုပ် ၄၁၄ အုပ်အား ထောက်ပံ့ပေးအပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုများနှင့် စာအုပ် စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာနှင့် အင်ဒိုင်းကြီးကျေးရွာတို့မှ ကျောင်းသူလေးများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကျီကုန်းကျေးရွာနှင် အင်ဒိုင်းကြီးကျေးရွာ အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်များအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းစီအား ကျောင်းအုပ်ကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)