စစ်တပ်က သစ္စာဖောက်တွေက ပိုဆိုးတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တပ်က သစ္စာဖောက်တွေက ပိုဆိုးတယ်


ဦးစွာ အမှန်အတိုင်း ဝန်ခံရရင် ဒီဆောင်းပါးကို ရေးဖို့ ရက်အတန်ကြာ စဉ်းစားပါတယ်။ ကိုယ့်ဘက်က အပြုသဘောဆန်ဆန် ထောက်ပြသည့်တိုင်အောင် လက်ရှိ အာဏာရအဖွဲ့အစည်းဖြစ်နေတော့ မိမိရဲ့ ဝေဖန်ထောက်ပြပြောဆိုမှုအပေါ် အပြုသဘောဆန်ဆန် မြင်သူလည်း ရှိမယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတချို့မှာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အများပြည်သူ ကောင်းကျိုးဖြစ်စေဖို့ မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်နေတာ ဖြစ်လို့ အမှားနည်းနည်းတွေ့ပြီဆိုတာနဲ့ ဖမ်းမယ်၊ တရားစွဲမယ်၊ ထောင်ချမယ်။ အဲဒီလို တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာလိုသူတွေ လက်ထဲ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ ပေးထားရတော့ အများပြည်သူအတွက် အင်မတန် အန္တရာယ်များပါတယ်။

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်ညီတဲ့ သာဓကကို ပြရမယ်ဆိုရင်တော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ လူငယ်တွေကို အကြမ်းဖက်လမ်းစဉ်နောက် လိုက်ပါလာအောင် နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းနေတဲ့ နေမျိုးဇင် ဆိုတဲ့ကောင်ဟာလည်း စစ်တပ်ကနေ ဗိုလ်ကြီးအဆင့်နဲ့ ကြာကူလီလုပ်ခြင်းကြောင့် ထုတ်ပယ်ထားရသူ တစ်ယောက်ဖြစ်ပါတယ်။ စစ်တပ်က ထွက်သွားတဲ့ကောင်တစ်ကောင်က စစ်တပ်ကို အောက်ဖဲလှန်တာကို တွေ့ရလိမ့်မယ်။ လူ့ဗရမ်းဗတာ ပီသစွာ ဟုတ်တာရော၊ မဟုတ်တာရော စစ်တပ်အပေါ် ပြည်သူများက မုန်းတီးလာအောင် လုပ်ကြံဖန်တီးပြောဆိုမှုမျိုးစုံနဲ့ လူငယ်တွေကို လမ်းမှားရောက်အောင် လုပ်ဆောင်နေသူဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူတဲ့ ကာလအတွင်းမှာ CDM လုပ်ပြီး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်လှုံ့ဆော်နေတဲ့ ဗိုလ်ကြီး ထက်မြတ် ဆိုသူ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ စာမျက်နှာထက်မှာတော့ ဒီကောင်တွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုမှုတွေကို ပလူပျံနေတာကို တွေ့ရပါလိမ့်မယ်။

အထက်ဖော်ပြပါ ဗိုလ်ကြီးနေမျိုးဇင်၊ ဗိုလ်ကြီးထက်မြတ် တို့လို ခေတ်အဆက်ဆက်မှာလည်း သစ္စာဖောက်တွေ ရှိခဲ့ဖူးပါတယ်။ လက်ရှိအခြေအနေကိုပဲ အဓိကထားပြီးပြောချင်တာ ဖြစ်တဲ့အတွက်တော့ အတိတ်က အကြောင်းအရာတွေကို ရည်ညွှန်းလိုခြင်း မရှိပါဘူး။ ဆက်စပ်ပြီးတော့ ပြောမယ်ဆိုရင်ဖြင့် တိုင်းပြည်ကမောက်ကမဖြစ်ရခြင်း အကြောင်းအရင်းများမှာတော့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ နောက်ကို တပ်မတော်က သစ္စာဖောက်တွေက လိုက်ပါ အားဖြည့်ပေးခြင်းကြောင့်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

နေမျိုးဇင်၊ ထက်မြတ် တို့က တပ်မတော်ကို ခြေစုန်ကန်ပြီး တရားဝင် ပုန်ကန်တယ်။ ပြည်ဖျက်မိစ္ဆာတွေနဲ့ ပူးပေါင်းသွားတယ်။ သူတို့ရဲ့ ရပ်တည်ချက်ကို အထင်အရှား ပြသွားတယ်။ ဒါက သိသာထင်ရှားတယ်။

တိုင်းပြည်ရဲ့ အခြေအနေမှန်ကို တပ်မတော်သားတိုင်းက သိချင်မှ သိမယ်။ တပ်မတော်သားများဆိုတာကတော့ အထက်အရာရှိအဆင့်ဆင့်ရဲ့ အမိန့်၊ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ကြရတာဖြစ်လို့ အခြေအနေ အလုံးစုံကို မသိနိုင်ဘူး။ တပ်မတော်အရာရှိအဆင့်ဆင့် ကတော့ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ 

အခြေအနေ အကြောင်းကြောင်းကြောင့် စာရေးသူ နေပြည်တော် ကို ရောက်လာပြီး သိပ်မကြာမီမှာ ကရင်ပြည်နယ်ဘက်က တိမ်းရှောင်လာရတဲ့ အမကြီးတစ်ဦးနဲ့ စကားပြောဖြစ်တယ်။ သူမသည် အမျိုးသားရေးလှုပ်ရှားမှုများမှာ တက်တက်ကြွကြွ လူသိရှင်ရှား လုပ်ခဲ့တဲ့အတွက် အကြမ်းဖက်သမားများက သူ့ကို ပစ်မှတ်ထားလာခြင်းကြောင့် တိမ်းရှောင်လာရတာ ဖြစ်ပါတယ်။ သူ့မရဲ့ မောင်ဝမ်းကွဲ တစ်ယောက်က တပ်ထဲမှာပဲ ရှိတယ်။ အရာရှိပဲ လို့ ပြောတယ်။ သူ့ဆီမှာ ဘာလို့ သွားပြီး မတိမ်းရှောင်နေတာလဲ မေးတော့ "သူတို့က နိုင်ငံရေးကို စိတ်ဝင်စားတာမဟုတ်ဘူး။ သူတို့ ကိုယ်ကျိုးရှာဖို့လောက်ပဲ သိတာ။" လို့ ပြောတယ်။ သူမ ပြောတဲ့ နောက်ဆက်တွဲစကားတွေ ကျွန်တော် မပြောတော့ပါဘူး။

ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် အနေနဲ့လည်း နိုင်ငံတော်အကြီးအကဲများကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအတွက် လမ်းညွှန်မှုတွေ ထုတ်ပြန်ပြောဆိုတာတွေကို အလေးထားပြီး ဒေသခံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လို့ရသမျှ ဆက်သွယ်ပြီး အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နိုင်ဖို့ တင်ပြမှုတွေ လုပ်ခဲ့ပါတယ်။

အထူးအားဖြင့် ယနေ့အချိန်အထိ တိုင်အောင် အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ခြင်း မရှိသေးတဲ့ အရာတော်မြို့နယ်အတွင်းမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ အသက်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ၊ NLD လွှတ်တော်အမတ်ဟောင်းများ ဖြစ်ကြတဲ့ ဝဏ္ဏ၊ ခင်မောင်ထွန်း တို့က အကြမ်းဖက်အဖွဲ့များကို ဦးဆောင်ပြီး ကိုယ်ကျိုးရှာနေတာတွေ၊ မြို့နယ်အာဏာပိုင်တွေက မသိကျိုးကျွန်ပြုထားတာတွေ၊ မြို့နယ်အာဏာပိုင်များထဲမှာ ဖမ်းဆီးရမိ နီပိန်း ပဒက်အကြမ်းဖက်သမားများကို အာမခံပြီး ထုတ်ပေးနေတာတွေ၊ သတင်းပေး တိုင်ကြားသူများမှာ ဒလန်ဖြစ်ပြီး အသတ်ခံနေရာတာတွေ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးမသွားမီ သတင်းပေါက်ကြားတာတွေကစ စုံအောင် တင်ပြခဲ့ပါတယ်။ ၂၀၂၁ ကနေ စပြီး ၂၀၂၃ အထိတော့ အသားထဲကလောက်လို့ ပြောမလား၊ တပ်မတော်ရဲ့ သစ္စာဖောက်လို့ ပြောမလား အဲဒီလူဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာသွားတယ်။ ဘာမှ အရေးယူအပြစ်ပေးခြင်းလည်း မခံရဘူး။ ပါတီ ပုံရိပ်ကို ခုတုံးလုပ်ပြီး မစဖအဖွဲ့ဝင် လုပ်နေတဲ့သူကလည်း ပဒက်တွေကို အာမခံ လွှတ်ပေးပြီး ကိုယ်ကျိုးရှာသွားတယ်။

ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေက တစ်ကြိမ် နှစ်ကြိမ် တင်ပြရင် တာဝန်ရှိသူတွေက စောင့်ကြည့် ထိန်းသိမ်းမယ်ဆိုရင် အဆင်ပြေသွားနိုင်တဲ့ အခြေအနေလို့ မြင်မိပါတယ်။ သို့သော်လည်း အကြိမ်ကြိမ်အခါခါ တင်ပြနေသည့် တိုင်အောင် စောင့်ကြည့်ထိန်းသိမ်း ကြပ်မက်ခြင်း မရှိတဲ့ အခြေအနေမျိုး ကြုံရတဲ့အခါ ဒါကတော့ တမင်သက်သက်ကို ဒီလိုလုပ်တာတွေကို အားပေးအားမြှောက် လုပ်နေတာပဲလို့ မှတ်ယူပြီး အရာတော်မြို့နယ်အတွင်း အကြမ်းဖက် လှုပ်ရှားမှု အခြေအနေတွေ မတင်ပြတော့တာ ကြာပါပြီ။

နောက်ထပ် အကြောင်းအရာတစ်ခုကတော့ စစ်ကိုင်းတိုင်းဒေသကြီးထဲကပါပဲ။ အကြမ်းဖက်နှိမ်နင်းရေးကို ဖိဖိစီးစီး လုပ်နေတဲ့ မြို့နယ်များထဲက တစ်မြို့လို့ပဲ ပြောချင်ပါတယ်။ အဲဒီမြို့ကို စားနပ်ရိက္ခာမရောက်အောင်၊ ကုန်စည်ပို့ဆောင်ရေး လုပ်လို့မရအောင် အဲဒီမြို့က PDF တွေကပဲ လမ်းပိတ်ထားတယ်။ စာရေးသူထံ ဆက်သွယ်လာတဲ့အချိန်မှာ တစ်ပတ်လောက် ရှိနေပြီ။ ကုန်စည်စီးဆင်းမှုမရှိဘူး။ အဲဒါကို ဆရာတော်တစ်ပါး က လှမ်းပြောတယ်။ အကြမ်းဖက်သမားတွေ ပိတ်စို့ထားတဲ့ ရွာနာမည်ကိုလည်း ပြောတယ်။ အဲဒီသတင်းကို စာရေးသူ အနေနဲ့ ဖော်ပြဖို့ ပြင်ဆင်နေစဉ်မှာပဲ ဖုန်းထပ်ဝင်လာတယ်။ တပ်မတော် အရာရှိက ဒီမြို့နယ်ထဲက ရွာကနေ ပိတ်ထားတာကို ထည့်မပြောဖို့ ပြောလို့ မထည့်ပါနဲ့တဲ့။ အော် . . . အကြမ်းဖက်သမားများက သူစီမံကွပ်ကဲနေတဲ့ မြို့နယ်ထဲမှာပဲ လှုပ်ရှားနေတယ်။ အဲဒါကို သတင်းမှာ မဖော်ပြစေချင်ဘူး။ အဲဒါဆိုလည်း အဲဒီသတင်းကို ဖော်ပြမနေပါနဲ့လို့ပဲ ပြောလိုက်တယ်။ အဲဒီ ဆရာတော်လည်း စာရေးသူထံ မဆက်သွယ်တော့ပါဘူး။ အဲဒီ တပ်မတော် အရာရှိ က သူ့မြို့နယ်ထဲမှာ အကြမ်းသမား လှုပ်ရှားနေတာကို သူ့အထက် အရာရှိများ သိသွားပြီး သူ့ကို ထောင်းမှာ၊ ဖိမှာ စိုးရိမ်မှာပေါ့ဗျာ။ 

နောက်တစ်ချက်ကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားခြင်း ကိစ္စဖြစ်ပါတယ်။ ဒီကာလမှာ အန္တရာယ်အများဆုံး အလုပ်ဟာ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူး အလုပ်ပါပဲ။ ဒီလို ကာလမှာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် နီပိန်းအုပ်ချုပ်ရေးမှူးတွေကို ပြောင်းလဲပေးနိုင်ဖို့ တင်ပြမှုတွေ ရှိခဲ့ကြတယ်။ တချို့နေရာတွေမှာ အပြောင်းအလဲ ဖြစ်ပေမယ့် နီပိန်း အုပ်ချုပ်ရေးမှူးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်စားနေတဲ့ မြို့နယ်တွေမှာတော့ ပြောင်းလဲပေးတာမျိုး မရှိပါဘူး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘက်မှာလည်း တပ်မတော် အရာရှိဟောင်းတွေ ရှိပါတယ်။ ဒီကာလမှာ တပ်မတော်အရာရှိတွေလည်း မစဖတွေမှာ တာဝန်ယူကြရပါတယ်။ တကယ်ပြုပြင်ပြောင်းလဲရေး လုပ်လိုတာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီက လာဘ်လာဘကို မျှော်ကိုးမနေသင့်ပါဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လိုသူတွေနဲ့ လက်တွဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေက ထိုသဘောမျိုး လမ်းညွှန်သည့်တိုင်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတချို့ကတော့ သူတို့ကိုယ်ကျိုးပဲ ကြည့်ပြီး လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အချိန်းအပြောင်းလို့ ဟန်ပြလုပ်ပြီး အစားထိုး ခန့်အပ်သူတွေကို တစ်ပတ်၊ တစ်လနဲ့ ဖြုတ်ပြီး မစဖတွေက သူတို့အကျိုးအတွက် ဆောင်ရွက်ပေးနိုင်တဲ့ နီပိန်းတွေကို ပြန်လည်ခန့်အပ်တာမျိုးက အော့နှလုံးနာစရာကြီးပါဗျာ။ 

စာလည်း အရမ်းလေးသွားမှာ စိုးပါတယ်ဗျာ။ နောက်ဆုံးတစ်ချက်အနေနဲ့တော့ အမျိုးသားရေးလှုပ်ရှားမှုကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဧရာဝတီတိုင်းက အစ်ကိုတစ်ယောက်က ဖုန်းဆက်ပြီး ရင်ဖွင့်လာတယ်။ သူတို့ အဆင်ပြေနေရင် ဒီလိုစကားတွေ ဆက်သွယ်ပြောဆိုလာဖို့လည်း မရှိပါဘူး။ သူကိုယ်တိုင်လည်း တပ်မတော်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီးကတည်းက စဉ်ဆက်မပြတ် အကျိုးဆောင်ပေးခဲ့တယ်။ သူ့အိမ် ဗုန်းခွဲတိုက်ခိုက်ခြင်းခံရတယ်။ ဒီအလုပ်တွေပဲ လုပ်နေခြင်းကြောင့် အိမ်ထောင် ကွဲခဲ့ရတယ်။ အကြမ်းဖက်လှုံ့ဆော်သူ နီပိန်းခေါင်းကြီးပိုင်းတွေကို ထိန်းသိမ်းနိုင်ဖို့ လုပ်ပေးခဲ့ရတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြန်တော့လည်း စစ်မှုထမ်း လူငယ်တွေ ရအောင် သူကြိုးစားပေးခဲ့တယ်။

ပြည်သူ့စစ်မှုထမ်းကိစ္စမှာလည်း စစ်မှုထမ်းတဲ့ လူငယ်တွေကို လုံခြုံရေးပိုင်းမှာပဲ တာဝန်ပေးမယ်လို့ ပြောထားပေမယ့် ရခိုင်ဘက်၊ ကယားဘက် ပါသွားပြီး အသက်ခန္ဓာ ဆုံးရှုံးရတဲ့ အဖြစ်မျိုးတွေ ဖြစ်လာတော့ မိသားစုဝင်တွေက သူ့ကို လာရောက်ဆဲဆို စော်ကားတာမျိုးတွေအထိ ကြုံရတယ်။ မြို့နယ်တာဝန်ရှိသူတွေက အခု နောက်ပိုင်း နီပိန်းတွေနဲ့ ဖက်လဲတကင်းလုပ်နေကြပြီး သူ့အဖွဲ့အတွက် လက်နက်လိုအပ်ချက်၊ အခက်အခဲရှိတာလေးတွေ တင်ပြရင်တောင် အလေးမထားကြတော့ဘူး။ မျက်ကွယ်ပြုသွားကြပြီ။

အမျိုးသားရေးလှုပ်ရှားသူဆိုတာ မြို့နယ်များမှာ လက်ချိုးရေတွက်လို့ ရတဲ့ အရေအတွက်သာ ရှိလိမ့်မယ်။ အဲဒီလို လူတွေက တပ်မတော်အတွက် အပြုသဘောဆန်ဆန် လက်တွဲဆောင်ရွက်တယ်။ တပ်မတော်အရာရှိ ဆိုသူတချို့ကတော့ လိုသုံး လုပ်သွားတယ်ဆိုတာ ဒီလိုလုပ်ရပ်တွေ က ထင်ရှားပါတယ်။ တပ်မတော်ရဲ့ မူဝါဒက "အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်" ဆိုတဲ့ ဆောင်ပုဒ်ကြီး ဖြစ်တာတော့ မလွဲဧကန်ပါပဲ။ သို့သော် တပ်မတော် အရာရှိတိုင်းကတော့ ဒီဆောင်ပုဒ်အပေါ်မှာ ရာနှုန်းပြည့် ရပ်တည်နေပါတယ်လို့ ပြောလို့ မရနိုင်ပါဘူး။ တချို့မြို့နယ်တွေမှာဆိုရင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးမှာ ပါဝင်တဲ့ တပ်မတော်အရာရှိတွေဟာ အကြမ်းဖက်လှုံ့ဆော်သူ နီပိန်းတွေနဲ့ ဖက်လဲတကင်းဖြစ်နေရုံမျှမက ဘာသာခြားများထံက လာဘ်လာဘ ရယူပြီး ဆရာတော် သံဃာတော်များကိုပင် မထေမဲ့မြင် ပြုမူ ပြောဆိုတာမျိုးတွေ ကြုံခဲ့ရပါတယ်။

မည်သို့ပင် ရှိစေကာမူပေါ့ဗျာ - ကျွန်တော်တို့ရဲ့ အမျိုးသားရေးအမြင်က တိုင်းပြည်မှာ တကယ်အရေးကြုံလာခဲ့ရင် ပြည်သူ့အတွက် တပ်မတော်သားတွေက ရှေ့တန်းက ရပ်တည်ရတာဖြစ်လို့ တိုင်းပြည်အတွက် မရှိ မဖြစ် တပ်မတော်လို့ အကြွင်းမဲ့ လက်ခံယုံကြည်ပါတယ်။ သို့ပေသော်လည်း အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဆိုတဲ့ ဆောင်ပုဒ် ကို လက်ကိုင်ထားပြီး ရပ်တည်နေတဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးထဲမှာ တာဝန်ထမ်းဆောင်နေပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက်သာ အသုံးချပြီး အမျိုးသားရေးကို ခုတုံးလုပ်တာမျိုးတွေ တွေ့နေရတော့ မြိုသိပ်မထားနိုင်တော့လို့ပါ။

အဲဒီလိုလူတွေကို ပြောချင်မိတာက နေမျိုးဇင်၊ ထက်မြတ် တို့လို ပွင့်လင်းမြင်သာမှုရှိရှိ သစ္စာဖောက်လိုက်ကြစမ်းပါ။ ကိုယ့်လူ သူ့ဘက်သား၊ အသားထဲက လောက်ထွက်တဲ့ သစ္စာဖောက်တွေရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာဟာ ပြည်ဖျက်မိစ္ဆာတွေရဲ့ သားကောင် ဖြစ်ခဲ့ရတယ်။ ဒါကြောင့် စစ်တပ်က သစ္စာဖောက်တွေက ပိုဆိုးတယ်လို့ ဆိုချင်မိပါတယ်။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)