အဖေနဲ့ အမေကို ကန့်တော့ပါ သား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဖေနဲ့ အမေကို ကန့်တော့ပါ သား


ဒီကာလအတွင်းမှာ ကျွန်တော်ကလည်း မရည်ရွယ်ဘဲ ရေဘေးကယ်ဆယ်ရေးစခန်းကိုရောက်ပြီး ရေဘေးကူညီရေး သွားရောက်ဆောင်ရွက်နေခဲ့တယ်။ ကျွန်တော့်ရဲ့ အကျင့်ဆိုးက တစ်ခုခုကို လုပ်မိရင် အိမ်ကို ဆက်သွယ်ပြီး အကြောင်းရကောင်းမှန်း မသိသလို အကျိုး အကြောင်း ရှင်းပြဖို့ကိုလည်း အာရုံမရှိဘူး။ နေပြည်တော်ကောင်စီနယ်မြေမှာ ရေဘေးက (၁၁-၉-၂၀၂၄) ရက်နေ့မှာ ဖြစ်တယ်။ ၁၂-၉-၂၀၂၄ ရက်နေ့ လယ်ဝေးမြို့၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးမှာ ကယ်ဆယ်ရေးစခန်းဖွင့်တယ်။

ဆရာတော်သံဃာတော်များ ဦးဆောင်မှုနဲ့ လုပ်အားပေးသူတွေလည်း အများကြီးပါပဲ။ အဲဒီအထဲက ကိုယ်လည်း လုပ်အားပေးသူတစ်ယောက်ပေါ့။ တစ်ပတ်လောက်အထိ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးစခန်းကို ခေါ်နိုင်ဖို့၊ ကယ်ဆယ်ရေးစခန်း မရောက်လာသူတွေကို ထမင်းထုပ်ပို့ပေးနိုင်ဖို့ ချက်ပြုတ်ရတယ်။ လိုက်ပို့ရတယ်။ အဲဒီလို ဆောင်ရွက်နေတဲ့ ရက်အတွင်းမှာ ဖြစ်မိတဲ့ ပီတိကတော့ ငါတို့ အကျိုးဆောင်လိုက်ခြင်းကြောင့် ထမင်းငတ်ရမယ့် ရေဘေးသင့် ပြည်သူတွေ ထမင်းမငတ်တော့ဘူး။ ဒီလို အကျိုးဆောင်ခွင့်ရခြင်းဟာ ဝမ်းမြောက်စရာပဲ။ ပီတိလည်း ဖြစ်မိပါတယ်။ 

အဲဒီကနေ ၁၃ ရက် ကြာမှ အိမ်ပြန်ရောက်တယ်။ သီတင်းကျွတ်ကျောင်းပိတ်တော့မယ်။ ဆိုတော့ သားက သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ရန်ကုန်သွားချင်တယ်လို့ ပြောလာတယ်။ ကိုယ်လည်း အိမ်မပြန်တာ ၂ပတ်၊ ပြန်လာပြီးတော့လည်း အလုပ်က မပြီးသေးတော့ သားနဲ့ ဇနီးကို ရန်ကုန်သွားချင်ရင်လည်း သွားလို့ လွှတ်လိုက်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အဖိတ်နေ့မှာ သူတို့သားအမိ ပြန်ရောက်လာကြပါတယ်။ 

ကိုယ့်စိတ်ထဲမှာ အမြဲတမ်း တွေးနေမိတာတစ်ခု ရှိတယ်။ အဲဒါကတော့ သားရဲ့ မောင်နှမဝမ်းကွဲ အမတစ်ယောက်က မိဘ ဘိုးဘွားတွေအပေါ်မှာ အရမ်းရိုင်းတယ်။ သားကိုလည်း အဲဒီဓာတ်လေး နည်းနည်းကူးစက်နေပြီလို့ ခံစားရတယ်။ သူ့အမေကို ပြန်အော်တာ၊ မထီမဲ့မြင်ပြန်လုပ်တာမျိုးတွေ တွေ့လာရတယ်။

အမေဖြစ်သူရဲ့ ဆုံးမပုံကလည်း ပုံမကျဘူး။ သားသမီးကို ဆုံးမရင် ထိထိမိမိ ဆုံးမတာမျိုး မဟုတ်ဘူး။ ခွန်းကြီး ခွန်းငယ် ပြန်အော်တာတွေ မကြာခဏ ဖြစ်တယ်။ ကိုယ်က ကြားဝင်ပြီး ကြမ်းလိုက်တော့မှ ငြိမ်သွားတာမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဇနီးဖြစ်သူကိုလည်း မဆုံးမနိုင်ရင် မဆုံးမနဲ့။ ငါ့ကိုသာ ပြောပါ။ ငါဆုံးမပါမယ်။ မထိတထိ မလုပ်ပါနဲ့။ ခွန်းကြီး ခွန်းငယ် ပြန်အော်မခံပါနဲ့။

သူရန်ကုန်သွားတဲ့အချိန်မှာလည်း သူ့အမဝမ်းကွဲရဲ့ ပုံစံကို သူသိမြင်ခဲ့ပြီ။ သီတင်းကျွတ်နဲ့လည်း တိုက်ဆိုင်နေတော့ သားကို အဲဒီကိစ္စလေး နည်းနည်းပြောချင်တယ်။ 

အဲဒါကြောင့် "အဖေနဲ့ အမေကို ကန်တော့ပါ သား"ဆိုပြီး ပွဲစီစဉ်လိုက်ရတယ်။ သားက ကန်တော့ချိုးကိုတော့ အလွတ်ရနေတယ်။ ထိုင်လိုက်တယ်ဆိုရင်ပဲ သားက လက်အုပ်ချီပြီး ဖေဖေ မေမေ တို့အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပြစ်မှား ကျူးလွန်မိသည်ရှိသော် တောင်းပန်ပါ၏ ဆိုပြီး ကန်တော့တယ်။

ဆုမပေဘဲ သားကို မေးခွန်းထုတ်ကြည့်တယ် -

သား ကာယကံဆိုတာ သိလားဆိုတော့ သားဖြစ်သူက သိတယ် "ကိုယ်ထိလက်ရောက် လုပ်တာ"တဲ့။

သား တခါတလေကြရင် အမေကို ပြန်ပြီးတော့ ကိုယ်ထိလက်ရောက် လုပ်တာတွေ ရှိတယ်မှတ်လား ဆိုတော့ သူမငြင်းဘူး။ သား မမ ဆိုရင် ပိုဆိုးတာ သားတွေ့တယ်မဟုတ်လား ဆိုတော့လည်း သူငြင်းလို့ မရဘူး။

နောက်ထပ် ဝစီကံ ဆိုတာရော သိသလား မေးတော့ "ပါးစပ်က ပြန်ပြောတာ" လို့ ဖြေတယ်။ သား ပြန်ပြောတာတွေ များနေပြီ။ 

မနောကံဆိုကရော ဆိုတော့ "စိတ်ထဲကနေ ပြစ်မှားစော်ကားတာ"လို့ ပြောတယ်။ သား ဖေဖေ မေမေ တို့ကို မကျေမနပ်နဲ့ စိတ်ထဲမှာ ကျိတ်မနိုင်ခဲမရ စော်ကားတာတွေ ရှိတယ်မှတ်လား ဆိုတော့ ရှိတယ်လို့ ပြောတယ်။

အဲဒီလို ကာယကံ၊ ဝစီကံ၊ မနောကံ နဲ့ ပစ်မှား စော်ကားမိတာတွေက သားအတွက် ကုသိုလ်မဖြစ်ဘူး။ အကုသိုလ်တွေ ဖြစ်တယ်။ ကုသိုလ်များများ လုပ်ရင် ကောင်းကျိုးများများ ရမယ်။ အကုသိုလ်တွေ များများလုပ်ရင် ဆိုးကျိုးများများ ရမယ်။

တခြားသူဆီကနေ မကောင်းတဲ့အကျင့်ကို အတုမယူရဘူး။ အမေကို ကိုယ်ထိလက်ရောက် ပြန်လုပ်တာ၊ ပြန်ပြောတာ နောက်ဆို ဘယ်တော့မှ လက်မခံဘူး။ အဖေနဲ့ အမေကို အဲဒီလို ဘယ်တော့မှ မတုန့်ပြန်နဲ့။ တခြား သားလုပ်ချင်တဲ့ကိစ္စ လုပ်ချင်ရာ လုပ်လို့ရတယ်။ မရိုင်းနဲ့ လို့ပဲ ဆုံးလိုက်ပါတယ်။ သူ့အမေကို ဆုပေးခိုင်းလိုက်ပါတယ်။

သားကို အမြဲတမ်း သတိပေးဖြစ်တာကတော့ (နမောတဿ ဘဂဝတော အရဟတော သမ္မသမ္ဗုဒ္ဓဿ) အမြဲတမ်းရွတ်ဆို ပူဇော်ဖို့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အရဟံ ဖြစ်စေ၊ ဘဂဝါ ဖြစ်စေ ဂုဏ်တော်တစ်ခုခုကို အမြဲတမ်း သတိတရ ပူဇော်နေစေချင်တာပါ။ (နမောတဿ ဘဂဝတော အရဟတော သမ္မသမ္ဗုဒ္ဓဿ) ဆိုတော့ တကြိမ်ရွတ်ဆို ပူဇော်တိုင်း ဂုဏ်တော် သုံးခု ပွားများပြီးသား ဖြစ်ပါတယ်။ ကောင်းကျိုးလည်း များပါတယ်။ အကုသိုလ် နည်းနိုင်သမျှ နည်းစေရန် ရည်ရွယ်ပါတယ်။

ကိုယ်က အမျိုးသားရေးလုပ်နေပြီး ကိုယ့်သားသမီးက အရိုင်းအစိုင်းလေးဖြစ်နေမှဖြင့် သူများ မေးငေါ့စရာဖြစ်နေမှာ စိုးရိမ်တာက တကြောင်း၊ အရွယ်ရောက်လို့ သူ့ဘဝခရီးလမ်းကို သူကိုယ်တိုင် ဖြတ်သန်းလျှောက်လှမ်းတဲ့အခါမှာလည်း အသိတရားလေး ရှိနေစေချင်တာတကြောင်း အကြောင်းကြောင်းတွေကြောင့် ဆုံးမစကားတွေ မပြောချင်သော်လည်း အကြောင်းရှာကာ သီတင်းကျွတ်လပြည့်နေ့မှာ ကန်တော့ခိုင်းပြီး ရင်ထဲ ရှိနေတာလေး ပြောဆိုဆုံးမလိုက်လေ သတည်း။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)