ကျောက်ဆည်၊ အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အနော်ရထာမင်းကြီး လက်ထက်မှစ၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေသာလျောင်း တောင်ခြေဆင်အကအလှပြိုင်ကွင်း ဗဟိုမဏ္ဍပ်တွင် ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဆင်အကအလှပြိုင်ပွဲသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ နယ်မြေခံတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဆင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင်(၃)စီး၊ ရိုးရာဆင်(၃)စီး၊ ကလေးဆင်(၂)စီး၊ သဘာဝတီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ စုစုပေါင်း(၁၀)စီး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဂုဏ်ပြုဆင်၊ သက်ကြီးဆင်၊ ဧည့်ခံဆင်၊ ဈေးပတ်ဆင် စုစုပေါင်း ၇၄ စီးဖြင့် ပျော်ရွှင်စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့ဆင်ပွဲတော်သည် သက္ကရာဇ်(၃၇၉)ခုနှစ်တွင် နန်းတက်တော်မူသော အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင်ဓာတုသေနမင်းထံမှ ပင့်ဆောင်ရရှိတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွားကို အရှင်အရဟံ၏ဩဝါဒဖြင့် ဆင်မယဉ်သာ (ဆင်ဖြူတော်) ပေါ်သို့တင်၍ အဓိဋ္ဌာန်ပြုစေလွှတ်တော်မူခဲ့ရာ ပုဂံမြို့၏အရှေ့မျက်နှာအရပ် မြင်စိုင်းနယ် ကျောက်ဆည်တည်ရာ သာလျောင်းတောင်ထိပ်သို့ တက်ရောက်ပြီး တောင်ထိပ်တွင် ခေတ္တလဲလျောင်းခဲ့သောကြောင့် သက္ကရာဇ်(၃၉၅)ခုနှစ်တွင် ရွှေသာလျောင်းတောင်ထိပ်တွင် စေတီတည်၍ ရွှေသာလျောင်းစေတီတွင် နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်း၌ ဆွမ်းတော် ကပ်လှူပွဲနှင့် တပေါင်းလ၌ ပွဲတော်ကျင်းပရန် ကလန်၊ သံပျင်တို့ကိုဆင့်ဆိုမှာကြားတော်မူခဲ့ကြောင်း၊ စွယ်တော်တင်သော ဆင်မယဉ်သာ (ဆင်ဖြူတော်)ကိုလည်း ငါကဲ့သို့ပင် အမှတ်တရဆင်ရုပ်တို့ဖြင့် လှူဒါန်းပူဇော် အမျှပေးဝေကြရန် အဓိဋ္ဌာန်ထားတော်မူခဲ့ရာမှ သီတင်းကျွတ်လပြည့်နေ့၌ ဆွမ်းတော်ကြီး ကပ်လှူပွဲနှင့်အတူ ဆင်လှူပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ရာ နှစ်ပေါင်း(၉၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment