နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြား


ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ 

နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း၊ အချို့သောနိုင်ငံများသည် ယေဘုယျသဘောတူညီမှုမရှိသည့်အခြေအနေနှင့် သိသိသာသာ သဘောထားကွဲလွဲမှုရှိသည့်အခြေအနေတွင် နိုင်ငံတကာဥပဒေပြုမှုကို အတင်းအကျပ်ဖော်ဆောင်ခြင်းက ပြိုကွဲမှုကိုသာဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၁၈ ရက်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီ “ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး” အကြောင်းအရာ ပါဝင်ဆွေးနွေးရာ၌ အလေးထားပြောကြားခဲ့သည်။

ကိန်းစွမ်က နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို မြှင့်တင်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ပြီးပြည့်စုံစေရေးအတွက် အခြေခံနှင့် အာမခံချက်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အခြေခံပြုမူလုပ်ဆောင်မှု သတ်မှတ်ချက်များကို ချမှတ်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာစနစ်အခြေခံကို အုတ်မြစ်ချခဲ့ပါကြောင်း၊ နိုင်ငံအသီးသီးက နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာစနစ်နှင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူကို အခြေခံသည့် နိုင်ငံတကာဆက်ဆံရေး စံသတ်မှတ်ချက်ကို အခိုင်အမာ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ အချို့သောနိုင်ငံများက “စည်းမျဉ်းစည်းကမ်းကို အခြေခံသော နိုင်ငံတကာစနစ်” ကို အကျယ်တဝင့်ဖွင့်ဆိုကာ လက်တွေ့တွင် နိုင်ငံတကာဥပဒေကို “သင့်တော်လျှင်အသုံးပြု၍ မသင့်တော်လျှင် စွန့်ပယ်သော” လက်တွေ့ဝါဒသဘောထားဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိ၏ “စည်းမျဉ်းစည်းကမ်း” ကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် အတင်းအဓမ္မအသုံးပြုခိုင်းပြီး “ယဉ်ကျေးသောနိုင်ငံများ” ၏ “စည်းမျဉ်းစည်းကမ်း” ဟုဆိုကာ အများလက်ခံထားသော နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းများကို အစားထိုးရန် ကြိုးပမ်းလာကြောင်း ပြောကြားခဲ့သည်။


ကိန်းစွမ်က နိုင်ငံတကာအရေးကိစ္စများကို အားလုံး အတူတကွဆွေးနွေးပြီး ကမ္ဘာကြီး၏ကံကြမ္မာကို နိုင်ငံအားလုံးက အတူတကွလက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ ယင်းသည် ကုလသမဂ္ဂကို စတင်ထူထောင်ရခြင်း၏ မူလရည်မှန်းချက်ဖြစ်သကဲ့သို့ နိုင်ငံတကာ ဒီမိုကရေစီ ဥပဒေပြုမှု၏ အနှစ်သာရလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာဥပဒေပြုရာတွင် နိုင်ငံအားလုံး တန်းတူညီမျှပါဝင်မှုကို အာမခံမှု၊ နိုင်ငံများ၏ တရားနည်းလမ်းကျသည့် တောင်းဆိုချက်ကို ထင်ဟပ်မှု၊ အပြန်အလှန် စိုးရိမ်ပူပန်ခြင်းများကို ညီတူညီမျှ ဂရုပြုမှု၊ တန်းတူညီမျှ၍ ဒီမိုကရေစီကျသော အားလုံးပါဝင်မှုကို ပေါ်လွင်အောင် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူသားအားလုံး ဘုံအကျိုးစီးပွားနှင့်ကိုက်ညီသော ပြည်သူ့ထုတ်ကုန် ဖြစ်လာစေရန် ဥပဒေစနစ်အမျိုးမျိုးနှင့် မတူညီသောယဉ်ကျေးမှုအပေါ် လေးစားမှုကို အမှန်တကယ် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ယေဘုယျအားဖြင့် အသုံးပြုရန်သင့်တော်သော အပြုအမူဆိုင်ရာစည်းမျဉ်းစည်းကမ်းဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက တရားဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များလုပ်ဆောင်၍ မိမိ၏တာဝန်ကို အပြုသဘော ထမ်းဆောင်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံအသီးသီးနှင့် နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများက နိုင်ငံတကာဥပဒေ၏ တန်းတူညီမျှတစ်ပြေးညီ အသုံးပြုရန် သင့်လျော်မှုကို အာမခံရမည်ဖြစ်ပြီး “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၏ ဦးစားပေးအခန်းကဏ္ဍနှင့် ရည်ရွယ်ချက်အခြေခံမူကို လက်တွေ့ကျကျဖော်ဆောင်ကာ နိုင်ငံတကာဥပဒေ၏ ပြီးပြည့်စုံမှုနှင့် တစ်ပြေးညီဖြစ်မှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


နိုင်ငံတကာဥပဒေအား စံနှုန်းနှစ်မျိုးဖြင့် ရွေးချယ်အသုံးပြုခြင်း လုပ်ဆောင်၍မရသကဲ့သို့ တမင်ပုံဖျက်ခြင်းနှင့် ထင်သလိုချိုးဖောက်ခြင်းတို့လည်း လုပ်ဆောင်၍မရကြောင်း၊ အချို့သောနိုင်ငံများသည် နိုင်ငံတကာဥပဒေအား ဗိုလ်ကျလွှမ်းမိုးမှုကိုကာကွယ်ရန်၊ မိမိတစ်သီးပုဂ္ဂလအကျိုးစီးပွားရယူရန်အတွက် နိုင်ငံရေးကိရိယာအဖြစ် ပုံပြောင်းကာ “တရားဥပဒေစိုးမိုးမှု” ခေါင်းစဉ်ဖြင့် သူတစ်ပါးနိုင်ငံ၏တရားဝင်လုပ်ပိုင်ခွင့် အကျိုးစီးပွားကိုထိပါးခြင်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအား ဖျက်ဆီးခြင်းပြုနေရာ ယင်းမှာ နိုင်ငံတကာတရားဥပဒေစိုးမိုးမှုစိတ်ဓာတ်နှင့် လုံးဝဥဿုံပြောင်းပြန်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။


ကိန်းစွမ်က ညှိနှိုင်းဖျန်ဖြေပေးခြင်းသည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” က အတည်ပြုထားသော နိုင်ငံတကာအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းသည့် နည်းလမ်းများအနက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးနှင့်လုံခြုံမှု၊ တရားမျှတမှန်ကန်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအပေါ် ပြင်းထန်သောတောင်းဆိုချက်ကို တုံ့ပြန်ရန်အလို့ငှာ နိုင်ငံများအကြား၊ နိုင်ငံနှင့် အခြားနိုင်ငံရင်းနှီးမြှုပ်နှံသူများအကြား၊ နိုင်ငံတကာစီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေရန်အတွက် ရွေးချယ်ချက်အသစ်တစ်ခု ထောက်ပံ့ပေးရန်အတွက် တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ကို ထူထောင်ရန် စတင်အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ထူထောင်ခြင်း ပဋိညာဉ်စာချုပ်” အတွက် ဆွေးနွေးညှိနှိုင်းမှုကို အောင်မြင်စွာလုပ်ဆောင်ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ အဆိုပါပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပမည် ဖြစ်ပြီး နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဆောလျင်စွာထူထောင်နိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံများနှင့်အတူ ပဋိညာဉ်စာချုပ် လျင်မြန်စွာအသက်ဝင်ရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အစဉ်တစိုက်လိုက်နာစောင့်ထိန်းမည်ဖြစ်ပြီး စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ဖော်ဆောင်ကာ နိုင်ငံတကာဥပဒေစနစ်တည်ဆောက်မှု၌ တက်တက်ကြွကြွပါဝင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်နှင့် တရားဥပဒေစိုးမိုးမှုအသွင်ကို ခိုင်မာစွာ ဖော်ဆောင်ပြီး နိုင်ငံအသီးသီးနှင့်အတူ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။


Ref - (ဆင်ဟွာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)