နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၁၀၄) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရာက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၁၀၄) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရာက်

 



နေပြည်တော် ၊ အောက်တိုဘာ ၁၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ (၁၀၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီတွင် ပျဉ်းမနားမြို့နယ်၊ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများ စံကျောင်းတော် တပ်တွင်းဓမ္မာရုံ၌ ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (၁၀၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လှည်ပူဇော်ပွဲအတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၃၀ ကိုလည်းကောင်း၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလှူငွေကျပ် ၁၀ သိန်းကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ (၁၀၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီပူဇော်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


ထို့နောက် (၁၀၄) ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် (၁၀၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီပူဇော်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ ဝတ်ဖြူတော်အသင်းများမှ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ရန် ပင့်ဆောင်လာကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညို၍ အလှူငွေများနှင့် လှူဖွယ်ဝတ္ထုများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။


နေပြည်တော်၊ ပျဉ်းမနားမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တိုင်း ကျင်းပပြုလုပ်သည့် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲသည် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်ပြီး ရပ်နီး၊ ရပ်ဝေးရှိ ပြည်သူအများမှ လာရောက်ဖူးမြော် ကြည်ညိုကြသူများဖြင့် အထူးစည်ကားလှသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ကာ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီလှည့်လည်ပူဇော်ပွဲကို ရုပ်ပွားတော်များ ပင့်ဆောင်အပူဇော်ခံမည့် အလှပြယာဉ်များတွင် ရောင်စုံလျှပ်စစ်မီးများ ထွန်းညှိပူဇော်ပြီး မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)