စစ်တွေ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလ သံဃာတော်အပါး(၅၀၀)နှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်လောင်းလှူပွဲနှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်လောင်းလှူ ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအားဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်လောင်း လှူရန်ရောက်ရှိနေကြသည့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ လှူမှုရေးအဖွဲ့အစည်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်လောင်းလှူရန် ပြင်ဆင်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဦးဆောင်ကာ ကြွရောက်တော်မူကြသော ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူကြသည်။ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သံဃာများနှင့် သာမဏေများ၊ သီလရှင်များကြွရောက်တော်မူကြပြီး ဆွမ်းဆန်တော်များ အလှူခံကြသည်။
အဆိုပါ ဆွမ်း၊ ဆန်တော်လောင်လှူပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လှူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များကလည်း ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဒါန၊ သီလ၊ ဘာဝနာဆည်းပူးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ကျင်းပရာ ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ် အမှူးပြုသောဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက်ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားတွင် ဆန်အိတ်ပေါင်း ၂၄၇ အိတ်နှင့် ငွေသားတန်းဖိုးငွေကျပ် ၉,၇၂၀,၀၀၀၊ ပစ္စည်းတန်းဖိုးငွေကျပ် ၆၂,၇၆၁,၉၀၀ စုစုပေါင်း ငွေကျပ် ၇၂,၄၈၁,၉၀၀ အား လှူဒါန်း နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment