ဓမ္မ နဲ့ အဓမ္မ လွန်စွဲခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓမ္မ နဲ့ အဓမ္မ လွန်စွဲခြင်း


ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) ဆိုတာ ဘာသာရေးဆောင်းပါးတွေ၊ ဘာသာရေးစာအုပ်တွေ များစွာရေးသားခဲ့သလို အဓမ္မဝါဒဖော်ထုတ်ရေးကိုလည်း ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) ဦးဆောင်ပြီး လုပ်ကိုင်ခဲ့တဲ့ အဓမ္မဝါဒဖော်ထုတ်တိုင်တန်းမှုတွေဟာ သူ့အကျိုးစီးပွားအတွက်မဟုတ်ဘဲ သာသနာတော်အတွက် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ချစ်ခြင်း မုန်းခြင်း အပေါ်အခြေမခံဘဲ ဟောပြောမှုများဟာ ဗုဒ္ဓဟောကြားခဲ့သော ပိဋကတ်သုံးပုံပါ တရားတော်များနှင့် ညီညွတ်ခြင်း ရှိ/ မရှိ ဆရာတော်ကြီးများ သုံးသပ်ဆင်ခြင်နိုင်ရန် စိစစ်ဖော်ထုတ် ရေးသားတင်ပြခြင်းဖြစ်ပြီး ဟောပြောသော ပုဂ္ဂိုလ်၏ ဟောပြောမှုများသည် ဘုရားဟောတရားများနဲ့ ညီညွတ်ခြင်း ရှိ/မရှိ ဓမ္မနှင့် အဓမ္မ အဆုံးအဖြတ်ကို မဟနဆရာတော်ကြီးများက ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။

ယခု ဆရာဦးအောင်မြိုင်နှင့် ဆရာအောင်အောင်ဇော် တို့အား အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုထားသောအမှုသည် ဆရာတော်ကြီးများက တင်ပြထားသည့်အမှုတွဲများကို စိစစ်နေသည့်အချိန် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခြင်းကို ဆိုင်းငံ့ရန် (သို့) ပိတ်သိမ်းရန် မဟန ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်တိုင် က စာရေးသားပေးပို့ အကြောင်းကြားထားပြီးဖြစ်သော်လည်း ရဲစခန်းတွင် အမှုဖွင့်ပြီး တရားရုံးတွင် ရင်ဆိုင်နေရသည့် အဆင့်သို့ ရောက်ရှိလာခဲ့ပါသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအား မေးမြန်းရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုကသာ အဖြေပေးရာတွင် ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို စောင့်နေသည်ဟု ဖြေဆိုထားပါသည်။ တခြားသော ဝန်ကြီးဌာနများက ဖြေဆိုခြင်း မရှိပါ။

ပုံပမာ (၁)

ဆရာတော်တစ်ပါး၏ ပြန်လည်မိန့်ကြားချက်အရ - ယခင် NLDအစိုးရလက်ထက်တုန်းက သံဃမဟာနာယကဆရာတော်ကြီးများ အခြေအတင် ဖြစ်ခဲ့ရသည့် ပုံပမာတစ်ခုကို ပြောပြ၏။ ဆရာတော်ကြီးများ၏ ဘွဲ့တော်ကို ထည့်သွင်း မပြောလိုပါ။

ဆရာတော်ကြီး တစ်ပါးက - မျိုးချစ်မြန်မာရဟန်တော်များသမဂ္ဂ နှင့် အခြားသော ဘာသာရေးဆိုင်ရာ ဆောင်ရွက်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို မျက်စိရှုပ်သည်၊ နေရာတကာပါသည် ဟု ပြစ်တင်ပြောဆို၏။ 

ဤသို့ ပြောဆိုခြင်း ကို သဘာဝမကျဟု ယူဆသည့် ဆရာတော်ကြီး တစ်ပါးက (အရှင်ဘုရားတို့ တပည့်တော်များက မြေပြင်ကို ဘာမှ ကွင်းဆင်းဆောင်ရွက်နိုင်တာ မရှိဘူး။ သူတို့တွေ မြေပြင်မှာ တကယ်ကို ပင်ပန်းဆင်းရဲခံပြီး လုပ်နေလို့ တပည့်တော်တို့ သိသင့် သိထိုက်တာတွေ သိရတယ်။ သူတို့တွေသည်လည်း သူတို့ နိုင်ရာတာဝန်ထမ်းပြီး သာသနာပြုနေကြတာပဲ။ ဒါကို အသိအမှတ်ပြုရမှာပါ အရှင်ဘုရားတို့။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်မှာလည်း သာသနာပြုလုပ်ငန်းများမှာ ရှင်မောဂ္ဂလန်၊ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာတို့ဟာ သူတို့ အားသန်ရာ အားသန်ရာ နည်းလမ်းနဲ့ သာသနာပြုခဲ့ကြတာလည်း အထင်အရှားရှိပါတယ်) လို့ မိန့်ကြားခဲ့ပါတယ်။

ပုံပမာ (၂)

သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် က မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂအပါအဝင် အိုအိုင်စီနိုင်ငံများ အနောက်အုပ်စုများက လူမျိုးအရေးနှင့် ပတ်သက်၍ နင်းကန် ဖိအားပေးနေချိန်ဖြစ်သည်။ ထိုသို့သော နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ကြံဖန်တီးပြောဆိုမှုများကို အမျိုးသားရေးလှုပ်ရှားသူများက စဉ်ဆက်မပြတ် တုန့်ပြန်ခဲ့ရသည့် ကာလဖြစ်ပါသည်။

ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ရန်ဟီးလီ ဆိုသူ အမျိုးသမီးသည် လူမျိုးလိမ် အရေးနှင့် ပတ်သက်၍ ပေါက်ပန်းစေး လုပ်ကြံဖန်တီးပြောဆိုမှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသည့် ကာလဖြစ်သည်။ ဤသို့ မမှန်မကန် ပြောဆိုနေမှုများကို ဆန္ဒပြပွဲတစ်ခုတွင် ဆရာတော် ဦးဝီရသူ က ဒီအမျိုးသမီးဟာ ဗရမ်းဗတာ ပြောပဲ ပြောနိုင်လွန်းတယ်၊ -ာသည်မနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောဆိုခဲ့၏။ 

ဆရာတော်ဦးဝီရသူ ကို မလိုလားသည့် မီဒီယာများတွင် ရန်ဟီးလီ ကို ဖာသည်မဟု ဆဲဆို ဆိုသည့် သတင်းခေါင်းစဉ်များမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ပြီး တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူများကလည်း ဆရာတော်က ထိုသို့ ဆဲရေးတိုင်းထွာပြုပါသည် ဟု သံဃမဟာနာယကရာတော်ကြီးများထံ ဂုံးချောသည်။ လုပ်ကြံဖန်တီး၍ တိုင်ကြသည်။ ဆရာတော်ကြီးများက ဆဲရေးတိုင်းထွာ ပြုသည်ဆိုလျှင် ဦးဝီရသူ ရိုင်းသည် ဟု မှတ်ချက်ပြုသည်။

သာသနာရေးနှင့် အခြားသောဌာနဆိုင်ရာ တာဝန်ရှိသူများက ထိုသို့ ဂုံးတိုက်ထားသည်ကို သိသော သံဃာမဟာနာယကရာတော်ဘုရားကြီးတစ်ပါး၏ တပည့်က ထိုပွဲတွင် သူကိုယ်တိုင် ဆရာတော်ဦးဝီရသူအနီးတွင် ရှိနေခဲ့ပြီး ဆရာတော် ဦးဝီရသူ မိန့်ကြားခဲ့ပုံမှာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး မဟုတ်မမှန် ပြောဆိုမှုများ လုပ်ဆောင်ခြင်းကို အကြောင်းပြု၍ ဒီအမျိုးသမီးဟာ မြန်မာနိုင်ငံအတွက်တော့ -ာသည်မပဲ ဟု ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ကို သတင်းစာပါ ဓာတ်ပုံနှင့် တကွ ထောက်ထား၍ ဆရာတော်ကြီးထံ ကို လျှောက်ထား တင်ပြလိုက်မှသာ ဆရာတော်ကြီးများ အမှန်အတိုင်း သိသွားပြီး မဟုတ်မမှန် လုပ်ကြံဖန်တီး၍ ဂုံးချောပြောဆိုသော ဌာနဆိုင်ရာ တာဝန်ရှိသူများ အရှက်ရခဲ့သည်။

ပုံပမာများကို တင်ပြခြင်းမှာ တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူများကိုယ်တိုင်က အမှန်တရားကို ရှေးရှုဆောင်ရွက်ခြင်း မရှိလျှင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ဟူသည်မှာ မျှော်လေ ဝေးလေ ဖြစ်မည်။

ယခု ဆရာဦးအောင်မြိုင် အား တရားစွဲဆိုသောအမှုနှင့် ပတ်သက်၍ မဟနဥက္ကဋ္ဌ ဆရာတော်ကြီး၏ အကြောင်းကြားစာကို မျက်ကွယ်ပြု၍ ဆောင်ရွက်နေခြင်းသည် အင်မတန် မိုက်လုံးထွားသည့် လုပ်ရပ်ဟု ရှုမြင်မိသည်။.

စာရေးသူ၏ အသက်နှင့် လောင်းကြေးထပ်၍ သစ္စာပြုပါသည် -

ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) အဓမ္မဝါဒဖော်ထုတ်ရေး လုပ်ငန်းစဉ်များကို ဘာသာ သာသနာအကျိုးအတွက် မဟုတ်ဘဲ သူ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေသူဖြစ်ပါက သူ့ကိုယ်စား ကျွန်ုပ်သည် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ ဘေးအမျိုးမျိုး တွေ့၍ အသေဆိုးနဲ့ သေစေဟူလို၊

ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) သည် အဓမ္မဝါဒဖော်ထုတ်ရေးလုပ်ငန်းများကို သူ့အကျိုးအတွက် မဟုတ်ဘဲ ဗုဒ္ဓဘာသာ သာသနာ အကျိုးအတွက် လုပ်ဆောင်နေသူ အမှန်ဖြစ်ပါက ဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် အဓမ္မဝါဒ ဖော်ထုတ်သူများအပေါ် စွဲဆိုထားသည့် အမှုများ လွင့်စင်ပပျောက်ပါစေ၊ ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)အပေါ် ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထား၍ မကောင်းကြံသူမှန်သမျှ ဘေးအမျိုးမျိုး တွေ့ပါစေ၊ အဂတိလိုက်စား၍ ဥပဒေကို လက်တစ်လုံးခြားလုပ်နေသူများလည်း ဘေးအမျိုးမျိုးတွေ့ပါစေ ဟူလို-

ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) သည် ဘာသာ သာသနာရေးရာ ဆောင်ရွက်ချက်များအတွက် ဘာသာ သာသနာအကျိုးကို မကြည့်ဘဲ သူ့ကိုယ်ကျိုးစီးပွားအတွက် ဦးတည်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ပါမူ ဘေးအမျိုးမျိုး ရန်အမျိုးမျိုးသည် ကျွန်ုပ် နောင်တော်လေး အပေါ် ကျရောက်ပါစေသတည်း။

အဓမ္မဝါဒဖော်ထုတ်သူ ဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် တသားတည်း ရပ်တည်မည်။ ဆရာဦးအောင်မြိုင်(မစိုးရိမ်စာသင်သား) အလိုရှိသော တရားမျှတမှု ရရှိရေးတွင် ဝိုင်းဝန်းကူညီမည်။ ဘေးအန္တရာယ်များ ကျရောက်လာမည်ဆိုလျှင်လည်း ကျရောက်လာသမျှ ဘေးရန်များကို မျှဝေခံစားရပါလို၏။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)