သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြား

 



ရန်ကုန် ၊ အောက်တိုဘာ ၁၈


၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြရာ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။


သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်နှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် စောင်းတန်းလေးသွယ်၌ ဘုရားဖူးလာပြည်သူများဖြင့် ကြိတ်ကြိတ်တိုး အထူးစည်ကားလျက်ရှိပြီး အလှူရှင်များက စတုဒိသာအဖြစ် ရေသန့်၊ အချိုရည်၊ ပေါင်မုန့်များ ကျွေးမွေးကြကာ ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများသည် ရွှေတိဂုံစေတီတော်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီး ၁၁၀၀၀ ကို ထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြသည်။


အလားတူ မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့က ကြီးမှူး၍ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ဂန္ဓကုဋိတိုက်အတွင်း၌ လည်းကောင်း၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ဂေါပကအဖွဲ့ရုံးအပေါ်ထပ်၌လည်းကောင်း၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နန်းဦးဘုရားတန်ဆောင်း၌လည်းကောင်း ကျင်းပကြပြီး ညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော် ဆက်ကပ်ကြသည်။


အလားတူ ဆူးလေစေတီတော် ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်) မင်းဓမ္မကုန်းတော်ရှိ လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်နှင့် ဆုတောင်းပြည့်မယ်လမုစေတီတို့တွင်လည်း ဂေါပကအဖွဲ့များက ကြီးမှူး၍ နံနက်ပိုင်းအရုဏ်တက်ချိန်တွင် စေတီတော်နှင့်ဘုရားရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များက အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာအမေးအဖြေများ ပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။


ယနေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများပူဇော်ကြခြင်း၊ အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းကြခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုးအဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့်လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိသည်ကို တွေ့ရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)