မန္တလေး၊ အောက်တိုဘာ ၃၀
တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) နှင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် (၉)ကြိမ်မြောက် အာယုဗေဒနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Abhay Thakur ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ တိုင်းရင်းဆေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဆေးနှင့် ဆေးဘက်နှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အာယုဗေဒဆေးပညာရပ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ခန့်မှ စတင်၍ ကျင့်သုံးခဲ့သော ရိုးရာတိုင်းရင်းဆေးဆိုင်ရာ ပညာရပ်တစ်ခုဖြစ်ကာ စိတ်နှလုံးနှင့် ခန္ဓာကိုယ် ကျန်းမာရေးသမမျှတအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ရှေးယခင်ကတည်းက ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်မှုများရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ သုတေသနလုပ်ငန်းများဆောင်ရွက်မှုနှင့် ကျန်းမာရေး ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် အာယုဗေဒနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “Ayurvedic Innovation for Global Health” သည် အာယုဗေဒပညာရပ်၏ ကျန်းမာရေးကဏ္ဍတွင် အရေးပါမှုအား မီးမောင်းထိုးပြလျက်ရှိပြီး အာယုဗေဒပညာရပ်၏ အခြေခံနိယာမများဖြစ်သည့် အစားအသောက်ဂရုစိုက်ခြင်း၊ ရေဓာတ်လုံလောက်စွာ ရရှိရန်ဂရုပြုခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ခြင်းအစရှိသည့် မိမိကျန်းမာရေးအား အလုံးစုံခြုံငုံအလေးထားခြင်းကို တစ်ကမ္ဘာလုံး သတိပြုမိစေရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် အာယုဗေဒဆေးဝါး ပညာရပ်နှင့်ပတ်သက်၍ Shangi Cooperation Organization နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများနှင့်လည်း အသိပညာများမျှဝေ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား အာယုဗေဒပညာရပ်သင်ကြားရေးနှင့် သုတေသနနယ်ပယ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဦးဌေးလွင်က Myanmar and Ayurvedic Medicine နှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်မြို့ Swami Vivekonon da Cultural Centrer မှ Director Mr. Ashish Kumar က Evolution of Ayurveda and Importance of Ayurveda in day-to-day life နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment