(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ပိတ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ပိတ်ပွဲအခမ်းအနားကျင်းပ







နေပြည်တော်၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၄၂) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်လျက်ရှိရာ ညီလာခံပိတ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်၊ ကြာသပတေးနေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီ ၅ မိနစ်အထိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း စင်တာ-၁ (MICC-1)၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ညီလာခံပိတ်ပွဲအခမ်းအနားသို့ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲချုပ်များ၊ အဆင့်မြင့် ရဲအရာရှိကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊  ဆွေးနွေးဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ သြစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Observers) ဖြစ်သည့် တီမောလက်စ်တီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ညီလာခံပိတ်ပွဲအခမ်းအနားတွင် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ၏ ပူးတွဲ ကြေညာချက်အား လက်မှတ်ရေးထိုးခြင်း၊ အာဆီယံရဲအဖွဲ့အထိမ်းအမှတ် ကမ္ပည်းပြားကို (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းတော်ဝင်    ရဲအဖွဲ့သို့ လွှဲပြောင်းပေးခြင်း၊ ထိုင်းတော်ဝင်ရဲအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဝမ်းမြောက် ကြိုဆိုကြောင်း ပြောကြားခြင်းနှင့် ထိုင်းနိုင်ငံ၏ သဘာဝအလှတရားများကို ဖော်ကျူးထားသည့် ဗီဒီယိုအားပြသခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် က ညီလာခံအပိတ်မိန့်ခွန်းပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ညပိုင်းတွင် နှုတ်ဆက်ဂုဏ်ပြုညစာစားပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၁ (MICC-1)၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည်။ 

    မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား နေပြည်တော်တွင်  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှ ၂၄ ရက်အထိ အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပ ခဲ့ခြင်းဖြစ်ပြီး ညီလာခံကျင်းပစဉ်ကာလအတွင်း အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လာအိုနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲအဖွဲ့တို့အကြား Bilateral Call ဖြင့် နှစ်ဖက်သီးခြားတွေ့ဆုံ၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ဆွေးနွေးခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ကျင်းပခြင်း၊ လက်ရှိအိမ်ရှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ၂၀၂၅ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ထိုင်းတော်ဝင်ရဲအဖွဲ့တို့ အကြား ချစ်ကြည်ရေး ဖူဆယ်ဘောလုံး ပြိုင်ပွဲ ကျင်းပခြင်း၊ ဧည့်သည်တော်များ၏ ဇနီးများအတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်သည့် အစီအစဉ် အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်လေ့လာခြင်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၊ အမျိုးသားပြတိုက်တို့အား သွားရောက်လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများအား ကြည့်ရှုလေ့လာခြင်း၊ ဒုတိယအကြိမ်စုံညီအစည်းအဝေးကျင်းပခြင်းနှင့် ညီလာခံပိတ်ပွဲအခမ်းအနား ပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်  (၄၂) ကြိမ်မြောက်အာဆီယံရဲအဖွဲ့ညီလာခံအား အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)