ရွှေတိဂုံစေတီတော်၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနား ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနား ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအခမ်းအနား ကျင်းပ

 


ရန်ကုန် ၊ အောက်တိုဘာ ၁၈


ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာနေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ယမန်နေ့ နံနက် ၅ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက်ဧည့်ခံတန်ဆောင်း၌  အရုဏ်ဆွမ်းတော်ကြီးကပ်လှူပွဲအခမ်းအနားကိုကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များ ကပ်လှူပူဇော်ခဲ့ကြသည်။ နံနက်၆နာရီအချိန်တွင်ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာအမေးအဖြေများပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


နံနက် ၉ နာရီတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ (ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကိုကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး  ဧည့်ပရိသတ်အပေါင်းတို့က ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဂုဏာလင်္ကာရ(မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်)ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင်ဦး‌ဌေးလှိုင်က ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာအား ဖတ်ကြားလျှောက်ထားခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ်အပေါင်းတို့က အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အနုမောဒနာတရားနာကြား၍ ဝါတွင်းကာလတစ်လျောက်ပြုခဲ့သော ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


 ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)