တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ မျက်စိရောဂါဝေဒနာရှင်ပေါင်းများစွာအား နေ့စဉ်ကုသပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ မျက်စိရောဂါဝေဒနာရှင်ပေါင်းများစွာအား နေ့စဉ်ကုသပေးလျက်ရှိ





တာမွေ   ၊  အောက်တိုဘာ    ၂၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် နတ်မောက်လမ်းရှိ မျက်စိ ရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၌ ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ မျက်စိရောဂါဝေဒနာရှင်ပေါင်း များစွာအား မျက်စိအထူးကုဆရာဝန်ကြီးများဖြင့် နေ့စဉ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကုသပေးရာတွင် မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၏ အရေးပေါ်ဌာနအား (၂၄)နာရီ ဖွင့်လှစ်ထားလျက်ရှိပြီး အရေးပေါ်မျက်စိလူနာများအား အချိန်မရွေးလာရောက်ပြသနိုင်ပါကြောင်း၊ အထွေထွေမျက်စိ ပြင်ပလူနာဌာနအပြင် မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါ အထူးစမ်းသပ်ခန်း၊ မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ ရေတိမ်ရောဂါ မျက်စိအထူးစမ်းသပ်ခန်း၊ ကလေးမျက်စိရောဂါဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ မျက်စိအတွင်းပိုင်း ရောင်ရောဂါအမျိုးမျိုး မျက်စိအထူးစမ်းသပ်ခန်း၊ မျက်စိအတွင်းတိမ် နောက်ဆက်တွဲရောဂါ အထူးစမ်းသပ်ခန်း စသည်ဖြင့် သက်ဆိုင်ရာဌာန ခုနှစ်ခုအား သတ်မှတ်ထားသည့် နေ့ရက်များအလိုက် နေ့စဉ်နံနက်(၈)နာရီခွဲမှ ညနေ (၄)နာရီအထိ ဖွင့်လှစ်၍ မျက်စိဝေဒနာရှင်လူနာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အွန်လိုင်းကြိုတင်စနစ် ဆောင်ရွက်လျက်ရှိပြီး Caremebot Application ဖြင့် Messenger မှ မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်) ကြိုတင်စနစ်အား ရယူ၍ ပြသနိုင်ကြောင်းလည်း သိရသည်။

မျက်စိအတွင်းတိမ်ခွဲစိတ်မှုများအား ဆောင်ရွက်ပေးလျက်ရှိပြီး အခြားမျက်စိရောဂါများဖြစ်သော မြင်လွှာ ကွာခြင်း၊ မြင်လွှာပေါက်ခြင်း၊ မျက်လုံးအိမ်နောက်ခန်းအတွင်း သွေးယိုစိမ့်ခြင်းရောဂါများ၊ မျက်ခွံနှင့် မျက်ရည် လမ်းကြောင်းဆိုင်ရာရောဂါများ၊ မျက်တွင်းရောင်ရောဂါများ၊ ကလေးမျက်စိရောဂါများ၊ မျက်ကြည်လွှာဆိုင်ရာ ရောဂါ များ၊ ရေတိမ်ဆိုင်ရာရောဂါများ၊ အတွင်းတိမ်နောက်ဆက်တွဲရောဂါများ၊ မျက်စိအာရုံကြောဆိုင်ရာရောဂါများအား ရှာဖွေခြင်း၊ ကုသခြင်း၊ ခွဲစိတ်ခြင်းများအား သက်ဆိုင်ရာပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန် များ၊ လက်ထောက်ဆရာဝန်များမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ မျက်စိရောဂါ အထူးကုဆေးရုံကြီး(ရန်ကုန်)၌ မျက်ကြည်လွှာအစားထိုးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မျက်ကြည်လွှာ တစ်ခုလုံး အစားထိုးခြင်း၊ မျက်ကြည်လွှာအတွင်းပိုင်း အစားထိုးခြင်း၊ မျက်ကြည်လွှာအပြင်ပိုင်း အစားထိုးခြင်း၊ မျက်ကြည်လွှာဖာထေးခြင်း လုပ်ငန်းများအား One Cornea two to three patients အနေဖြင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။

“ ကျွန်တော်တို့က မျက်စိရောဂါဝေဒနာရှင်များအား အကောင်းဆုံးကုသမှုပေးနိုင်သော မျက်စိရောဂါအထူးကု ဆေးရုံကြီးအဖြစ် ဆောင်ရွက်နိုင်စေရန်ဆိုတဲ့ ရည်မှန်းချက်အတိုင်း တစ်နိုင်ငံလုံးမှာ မျက်စိအထူးကုဆရာဝန်ကြီးတွေ၊ ဆေးရုံကြီးတွေ များစွာရှိပါတယ်။ ဒါပေမဲ့ ဒီဆေးရုံက တစ်နိုင်ငံလုံးမှာရှိတဲ့ မျက်စိကုသမှုခက်ခဲတဲ့‌ လူနာတွေကို နောက်ဆုံးအဆင့် လွှဲ‌ပြောင်းကုသပေးရတဲ့ ဝန်ဆောင်မှုအကောင်းဆုံး ဆေးရုံကြီးလည်းဖြစ်ပါတယ်။ နောက်တစ်ခုက မျက်စိရောဂါပညာ ကျွမ်းကျင်တတ်မြောက်ပြီး နှလုံးရည်ပြည့်ဝသော မျက်စိရောဂါကု ပညာရှင်များအား သင်ကြား လေ့ကျင့်မွေးထုတ်ရန်ဆိုတဲ့ ရည်မှန်းချက်အတိုင်း ဆရာဝန်ရော၊ သူနာပြုရော၊ အခြားကျွမ်းကျင်ပညာရှင်တွေကို သင်ကြားလေ့ကျင့်ပေးတဲ့ သင်ကြားရေးဆေးရုံလည်းဖြစ်ပါတယ် ” ဟု မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်ကပြောသည်။

မျက်စိရောဂါများအား အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်သော Tertiary eye care Centre အဖြစ် ဦးဆောင် ဆောင်ရွက်ရန်၊ မျက်စိရောဂါပညာရပ်များနှင့် ပတ်သက်၍ ဘွဲ့လွန်(ဆေးပညာမဟာသိပ္ပံ၊ ပါရဂူဘွဲ့)သင်တန်းသားများ အား သင်ကြားလေ့ကျင့်မွေးထုတ်ပေးရန်၊ ဘွဲ့ကြိုဆေးတက္ကသိုလ်ကျောင်းသားများ၊ မျက်စိ၊ နား၊ နှာခေါင်းနှင့် လည် ချောင်း အထူးပြုသူနာပြု ဒီပလိုမာ(၉)လသင်တန်း၊ မျက်မှန်ကျွမ်းကျင်(၂)နှစ်သင်တန်းနှင့် မျက်ကြည်လွှာကျွမ်းကျင် သင်တန်းများကိုလည်း လေ့ကျင့်မွေးထုတ်ပေးရန်၊ မျက်စိရောဂါပညာရပ်များနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ နိုင်ငံတာကာ/ အရှေ့တောင်အာရှဒေသတွင်း မျက်စိရောဂါပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)အား ဖွင့်လှစ် ထားရှိပြီး ၂၀၂၃-ခုနှစ်အတွင်း အကြီးစားခွဲစိတ်မှုပေါင်း (၉၄၃၂)ခုရှိပြီး ပြင်ပလူနာစုစုပေါင်း (၈၄၃၂၇)ဦးကို အောင်မြင်စွာကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)သို့ ရောဂါ လာရောက်ပြသရန် အခက်အခဲရှိသောလူနာများအား အဆိုပါဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များသို့ သွားရောက်၍ အခမဲ့ကွင်းဆင်းကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၁၉၄၇-ခုနှစ်မှစတင်၍ ရန်ကုန်မြို့၊ ခြံအမှတ်(၆၇)၊ အလံပြဘုရားလမ်းပေါ်တွင် ယခင်ဟိုတယ်အဟောင်းကြီး တစ်ခုအား သတ္တမနေ့ဥပုသ် သာသနာပြုအသင်းမှ ဝယ်ယူပြီး ခုတင်(၆၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအဖြစ် စတင် တည်ထောင်ဖွင့်လှစ်ခဲ့ရာ ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာဝန်ကြီးများနှင့် သူနာပြုအဖွဲ့များတွင် အမေရိကန်လူမျိုးများ ပါဝင်ခြင်းကြောင့် ပြည်သူပိုင်မသိမ်းမီက အမေရိကန်ဆေးရုံဟု လူသိများခဲ့ပြီး ၁၉၆၅-ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပြည်သူပိုင်သိမ်း၍ “ ပြည်သူ့ဆေးရုံ (ရန်ကုန်အလယ်ပိုင်း) ” ဟု ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ ပြည်သူပိုင်သိမ်းစဉ်ကပါလာသော အထွေထွေရောဂါကုသခြင်းဆိုင်ရာတို့ကို သက် ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းပေးခဲ့ပြီး ၁၉၆၅-ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ စတင်၍ အဆိုပါအထူးကု ဆေးရုံကြီးအား “ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့ ” ဟု ခေါ်တွင်သတ်မှတ်ခဲ့ ပါကြောင်း၊ အဆိုပါဆေးရုံကြီးအား ၁၉၉၃-ခုနှစ် ဇွန်လ(၂၂)ရက်နေ့တွင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်လမ်းရှိ အမှတ်(၃၀)တွင် ဆေးရုံသစ်ကြီးအဖြစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ခရစ်နှစ် ၂၀၀၀-ပြည့်နှစ် မတ်လ(၂၆)ရက်နေ့တွင် တာမွေမြို့နယ် ဗညားဒလလမ်းနှင့် ဗျိုင်းရေအိုးစင်လမ်းဒေါင့်တွင် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအထူးကု ဆေးရုံသစ်ကြီးကို စတင်ဖွင့်လှစ်ချိန်မှစ၍ မျက်စိရောဂါအထူးကုဆေးရုံကြီးအဖြစ် မျက်စိ နှင့် ပတ်သက်သည့်ရောဂါများကို သီးခြားကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၀၆-ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့မှစ၍ မျက်စိရောဂါ အထူးကုဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ မျက်စိရောဂါဝေဒနာရှင်ပေါင်းများစွာအား အောင်မြင်စွာကုသပေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)