တိုင်းဒေသကြီးဝန်ကြီးချုပ် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး




ပုသိမ် ၊ အောက်တိုဘာ ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာရှိ တောင်သူ ဦးသန့်ဇော်ဦး၏ စိုက်ဧက (၆) ဧကတွင် မျိုးစေ့ချကိရိယာအသုံးပြု၍ အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးသည့် YSR-1 စပါးမျိုးအား ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းခြွေလှေ့စက်အသုံးပြု၍ စပါးရိတ်သိမ်းရာတွင် စပါးလေလွင့်ဆုံးရှုံးမှု နည်းပါးအောင် ရိတ်သိမ်းရန်နှင့် သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များ လျော့နည်းစေရေးနှင့် တစ်ဧက (၁၀) တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ရည်မှန်းချက်ထားကာ မျိုးစေ့ချကိရိယာများ၊ လက်ဆွဲကောက်စိုက်စက်များ အသုံးပြု၍ စိုက်ပျိုးခြင်းများကို ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ဆောင်ရွက်စိုက်ပျိုးခဲ့ရာ သမားရိုးကျ ကြဲခင်းစနစ်စိုက်ပျိုးခြင်းထက် အထွက်နှုန်းများသည်လည်း သိသာစွာ တိုးတက်ထွက်ရှိခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ မင်းဒရယ်ကျေးရွာအုပ်စု၊ မင်းဒရယ်ကျေးရွာရှိ တောင်သူ ဦးကျော်ဆန်းအေး၏ မိုးစပါးစိုက်ဧက (၇) ဧကတွင် စိုက်ခင်းရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်မှုအပေါ် သွင်းအားစုထည့်သွင်းကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံဖျက်ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေးနှင့် ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ​​ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများနှင့်​တွေ့ဆုံ၍ ရပ်ရွာ​​အေးချမ်းသာယာ​ရေး၊ ​ဒေသဖွံ့ဖြိုးရေးအတွက် အ​လေးထား​ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ တောင်သူ ဒေါ်ညိုညိုဆန်း၏ စိုက်ဧက(၄)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးသည့် ရွှေဧရာစပါးမျိုး စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအား တိုးတက်မြင့်မား​ရေး၊ ဆီထွက်သီးနှံ ​မြေပဲ၊ နှမ်း၊ ​နေကြာများကို တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

တိုင်း​ဒေသကြီးအတွင်း စပါးများရိတ်သိမ်းရာတွင် ​လေလွင့်ဆုံးရှုံးမှုများနည်းပါး​စေ​ရေးအတွက် စပါးရိတ်သိမ်း​ခြွေ​လှေ့စက် ​မောင်းနှင်နည်းသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့သဖြင့် ရိတ်သိမ်း​ခြွေ​လှေ့စက်​မောင်းနှင်သူများမှာ စနစ်တကျ​မောင်းနှင်တတ်ခြင်း၊ စက်ပိုင်းဆိုင်ရာများကို ​ကောင်းမွန်စွာ နားလည်သိရှိခြင်းများ​ကြောင့် ​​လေလွင့်ဆုံးရှုံးမှုများ နည်းပါးခဲ့​ပြီး လယ်ယာသုံး စက်ကိရိယာမောင်းနှင်နည်း သင်တန်းများကိုလည်း ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်​ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)