ရန်ကုန်၊ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၌ (၂၉) ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ (၇) ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက် (၉) နာရီ ၃၀ မိနစ်က မင်းဓမ္မကုန်းတော်ပေါ်ရှိ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) တည်ရှိရာ ဂန္ဓကုဋိတိုက် ကျောင်းတော်ကြီးအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ပင့်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နုမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ကြွရောက်တော်မှုလာသည့် ဆရာတော်ဘုရားကြီးများထံမှ ကိုးပါးသီလ ခံယူတည်ဆောက်ကြပြီးနောက် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူသည်။
ထို့နောက် ကြွရောက်တော်မှုလာကြသည့် ပင့်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်း၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သိရီကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ) Ph.D (Social Science), Ph.D (Vipassan Bhvan) Thailand နိုင်ငံတော်သမ္မတကြီး၏နိုင်ငံ့စွမ်းဆောင်ရည် ဆုဘွဲ့တံဆိပ်တော်ရ ပြည်တွင်းပြည်ပကမ္ဘာဗုဒ္ဓသာသနာပြု၊ အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထေရ်ရှင်မြတ်က ရေစက်ချအမျှပေးဝေပြီးနောက် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) အလှည့်ကျဂေါပကဥက္ကဋ္ဌမှ ကျေးဇူးတင်ဝမ်းမြောက်လွှာ လျှောက်ထားသည်။
ယင်းနောက် ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရက ပင့်ဖိတ်ထားသောနတ်ဗြဟ္မာအပေါင်းတို့အား ပြန်လည်ပို့ဆောင်ပြီးဆရာတော် သံဃာတော် အရှင်သူမြတ်အပေါင်းတို့နှင့်အတူ ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီးနောက် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အလှူရှင် ဦးထွန်းဝင်း+ဒေါ်မငယ် သား မောင်ဉာဏ်မင်းထွန်း၊ မောင်ကျော်သီဟ မိသားစုနှင့် အလှူရှင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၏ (၂၉) ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ (၇) ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ (၈) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အင်းစိန်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) အလှည့်ကျဂေါပကဥက္ကဋ္ဌနှင့်ဝန်ထမ်းများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment