ပုဗ္ဗသီရိ ၊အောက်တိုဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာလက ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေး သွင်းအားစုများထည့်သွင်းခြင်းနှင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားနိုင်ရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ ကွင်းအမှတ်(၁၆၂၄) တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဗ္ဗသီမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲမှ ဦးသိန်းလွင်၊ စိုက်ပျိုးရေးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထက်အောင်ကျော်တို့က ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားရန်အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ သွင်းအားစုများကို အခမဲ့ထောက်ပံ့ခဲ့ရာ တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ နည်းလမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ လာမည့်ဆောင်းသီးနှံ စိုက်ပျိုးခြင်းအတွက် ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ မျိုးလိုအပ်ချက် အခက်အခဲရှိပါက ကာလပေါက်ဈေးထက်မပိုသောမျိုးများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ မှာယူနိုင်ပါကြောင်း၊ တောင်သူများအတွက် လိုအပ်သော နေကြာမျိုး၊ အစေ့ထုတ်ပြောင်းမျိုး၊ သွင်းအားစုနှင့် ထွန်ယက်စရိတ်များကို မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်းမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ဒေသပေါက်သီးနှံဈေးနှုန်းဖြင့် ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများထံ မှိုသတ်ဆေး၊ ပိုးသတ်ဆေးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)
https://t.me/MyanmarNationalPost
No comments:
Post a Comment