ရန်ကုန်၊ အောက်တိုဘာ ၁၇
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့် ဆီမီးတစ်သောင်းတစ်ထောင် စုပေါင်းထွန်းညှိ ပူဇော်ဆက်ကပ်ပွဲကို ယမန်နေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများ ပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများကို ပန်း၊ ရေချမ်း၊ ဆီမီးနံ့သာများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် “နီလာ နီလာ” အစချီသော ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း၊ “သောဝတ္ထိကံ” အစချီသောရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ ကပ်လှူပူဇော်ခြင်း၊ “ဘဂဝန်ဘုန်းလှိုင်” အစချီသော မဟာပဋ္ဌာန်းတိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း၊ မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေ၊ သာဓုခေါ်ဆိုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက စုပေါင်း၍ ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
အောင်မြင့်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment