ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ လုပ်ငန်းညှိနှိင်းအစည်းအဝေး (၅/၂၀၂၄) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ လုပ်ငန်းညှိနှိင်းအစည်းအဝေး (၅/၂၀၂၄) ကျင်းပ



တောင်ကြီး၊ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တက်ရောက်၍ လိုအပ်သည်များ မှာကြား‌ဆွေးနွေးသည်။

အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကလော၊ လွိုင်လင်၊ နမ့်စန်ခရိုင်တို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ရှိ ခရိုင်များမှခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ရာဂီမုန်တိုင်းဒဏ် သက်ရောက်မှုခံခဲ့ရသည့် မြို့နယ်အလိုက်၊ ဌာနအလိုက်စာရင်းဇယားကောက်ယူရေး၊ စာရင်းဇယားမှန်ကန်မှုရှိစေရေးကို ပြီးခဲ့သည့်အစည်းအဝေးတွင်လည်း ဆွေးနွေးမှာကြားပြီးဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ တင်ပြကြရာတွင် ကိန်းဂဏန်းများကွဲလွဲမှုမရှိစေရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ချက်များကို နှစ်ပတ်လျှင်တစ်ကြိမ် တင်ပြနေရသည်ရှိကြောင်း၊ မြေပြင်ဆောင်ရွက်ချက်များကို တင်ပြပေးနေမှသာ မိမိတို့ လုပ်ငန်းဆောင်ရွက်ချက်  တိုးတက်မှုများကို ပြသနိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်တွင် လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများအလိုက် တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ရာဂီမုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို မှတ်တမ်းဓါတ်ပုံများနှင့်အတူ တင်ပြသည်။

ယင်းနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်က ရာဂီမုန်တိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို မိမိတို့ဌာနအလိုက် တင်ပြကြသည်။

ထို့နောက် ကလောခရိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်တို့မှ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရမှု၊ ပျက်စီးဆုံးရှုံးမှု၊ ပြန်လည်ပြင်ဆင်တည်ဆောက်မှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြ ကြသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက သဘာဝဘေးအန္တရာယ် ဆိုင်ရာများနှင့်ပတ်သက်၍ဌာနများနှင့် ခရိုင်အလိုက်တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် မျိုးကောင်း မျိုးသန့်ရရှိရေး၊ အချိန်မီစောလျင်စွာစိုက်ပျိုးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများအချိန်မီပြီးစီးရေးကဏ္ဍအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီရေလျှံဖြစ်ပွားမှုများကြောင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်ရေဘေးသင့်ဒဏ်ခံခဲ့ရပြီး သေဆုံးသူ ၉၂ ဦး၊ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသူ ၂၂၄၈ ဦး ရေဘေးကြောင့် နေအိမ်ပြိုကျ/ မျောပါမှု ၈၁၂ လုံး၊ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု ၁၇၅၅ လုံး၊ တိရိစ္ဆာန်များသေဆုံးမှု ၁၆၉၆၉ ကောင်၊ ရုံး/ဌာန ၅၂ လုံး၊ စာသင်ကျောင်း ၁၉ ကျောင်း၊ ဘာသာရေးကျောင်း ၁၂ ကျောင်း၊ သီးနှံ ပျက်စီးဧက ၃၆၀၂၉ ဧက ရေဘေးဒဏ်ခံခဲ့ရကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)