အခါအခွင့်သင့်ပါက တရုတ်နိုင်ငံမှ စွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်လိုပါကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆွေးနွေးလျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခါအခွင့်သင့်ပါက တရုတ်နိုင်ငံမှ စွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်လိုပါကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆွေးနွေးလျှောက်ထား


ရန်ကုန်၊ အောက်တိုဘာ ၂၀

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီးကိုးပါး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နင်းဘိုမြို့၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းတို့သည် အောက်တိုဘာ ၁၅ ရက် မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ နင်းဘိုမြို့၊ ရွှယ်တုံးတောင်၌ ကျင်းပြုလုပ်သည့် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာ ဖိုရမ်သို့တက်ရောက်ပြီး ခရီးစဉ်အတွင်း Howard Johnson ဟိုတယ် ဧည့်ခန်းမ၌ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော်ကြီးများသည် The Buddhist Association of China ၏ ဥက္ကဋ္ဌ ဆရာတော် Yan Jue အမှူးပြုသော ဆရာတော်ကြီးများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် The Buddhist Association of China ဥက္ကဋ္ဌဆရာတော် Yan Jue က နောင်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဗုဒ္ဓဘာသာဆိုင်ရာ ဆွေးနွေးပွဲများ ကောင်းမွန်စွာ ကျင်းပနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း၊ ယခု ဗုဒ္ဓဘာသာဖိုရမ်သို့ ကြွရောက်လာသော ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အတွေ့အကြုံကောင်းများ ပြည့်ပြည့်ဝဝရယူနိုင်ကြပါစေကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက တရုတ်နိုင်ငံတွင် ယခုလိုဗုဒ္ဓဘာသာနှင့် ပတ်သက်သော အစည်းအဝေးကြီးအား ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များ စုပေါင်းပြီး ညီညီညွတ်ညွတ်ပြုလုပ်ခြင်းသည် မိမိတို့ ဗုဒ္ဓဘာသာအတွက် တိုးတက်ကြီးပွားကြောင်းဖြစ်သည့် အကြောင်းတရား တစ်ခုဖြစ်ကြောင်း၊ အခါအခွင့်သင့်ပါက တရုတ်နိုင်ငံမှ စွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်လိုပါကြောင်း ဆွေးနွေးလျှောက်ထားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် The Buddhist Association of China ၏ ဥက္ကဋ္ဌ ဆရာတော် Yan Jue အမှူးပြုသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၈ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် China Association for International Friendly Contact ဒုတိယဥက္ကဋ္ဌ Mr. Luo Yu Hai ၊ Southern China Association for International Friendly Contact ဒုတိယဥက္ကဋ္ဌ Mr. Liu Xiao Ming ၊ Yunnan Association for International Friendly Contact ဥက္ကဋ္ဌ Mr. Chen Tao နှင့် တွေ့ဆုံ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်အောင် ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)